ချီလီမှာ အသက်အငယ်ဆုံး သမ္မတအဖြစ် လက်ဝဲဝါဒီ ဂါဘရီရယ် ဘော်ရစ် ရွေးကောက်ခံရ

ချီလီမှာ အသက်အငယ်ဆုံး သမ္မတအဖြစ် လက်ဝဲဝါဒီ ဂါဘရီရယ် ဘော်ရစ် ရွေးကောက်ခံရ
Photo - AFP

ဒီဇင်ဘာလ ၂၀ ရက်

ချီလီနိုင်ငံမှာ လက်ဝဲဝါဒီဖြစ်ပြီး လူလတ်ပိုင်း မျိုးဆက်သစ်ဖြစ်တဲ့ ဂါဘရီရယ် ဘော်ရစ်ဟာ နိုင်ငံရဲ့ အသက်အငယ်ဆုံး သမ္မတအဖြစ် ရွေးကောက်ခံရတာကြောင့် ဆန်တီယာဂိုက လမ်းတွေမှာ တနင်္ဂနွေနေ့က ပျော်ပွဲရွှင်ပွဲတွေ ဆင်ယင်ကျင်းပကြပါတယ်။ 

အသက် ၃၅ နှစ်အရွယ် ဘော်ရစ်ဟာ မဲပေးပွဲမှာ လက်ယာစွန်း ပြိုင်ဖက်အပေါ် မမျှော်မှန်းနိုင်အောင် ကြီးကြီးမားမား အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။ 

ဘော်ရစ်ဟာ မဲရလဒ် ၅၆ မဲနဲ့ မဲ ၄၄ ပဲရတဲ့ ရှေးရိုးစွဲ ဂျိုးစေး အန်တိုနီယို ကက်စ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ရလဒ် မထွက်ခင်ကတည်းက အန်တိုနီယို ကက်စ်ဟာ ရှုံးနိမ့်ကြောင်းကို ဝန်ခံခဲ့တာလည်း ဖြစ်ပါတယ်။ 

အန်တိုနီယို ကက်စ် အရှုံးကို ဝန်ခံပြီးနောက်မှာပဲ မြို့တော်နဲ့ အခြားမြို့တွေက လမ်းတွေမှာ ချီလီပြည်သူ ထောင်ပေါင်းများစွာဟာ ကားဟွန်းတွေကို တီးကြသလို ဘော်ရစ်ကို ထောက်ခံကြောင်း ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ချီတက်ကြပါတယ်။ လိင်တူချစ်သူ အလံကိုလည်း ဝှေ့ယမ်းကြပြီး ကောင်းကင်ယံဆီ မီးရှူးမီးပန်းတွေကို နာရီအတော်ကြာတဲ့အထိ ပစ်လွှတ်ကြပါတယ်။ 

“ကျွန်မ အရမ်း ပျော်တယ်၊ ဖက်ဆစ်ဝါဒကို ကျွန်မတို့ အနိုင်ယူလိုက်တာပဲ”လို့ ဆေးဆိုင်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် ဂျင်းနီက အေအက်ဖ်ပီကို ပြောပါတယ်။ 

“ပြည်သူတွေနဲ့ အလုပ်သမား လူတန်းစားကို ကူညီထောက်ပံ့မယ့် အပြောင်းအလဲတွေ အများကြီး ဖြစ်လာတော့မယ်၊ ဒါကြောင့် ကျွန်တော်တော့ ကျေနပ်တယ်”ဆိုပြီး အသက် ၅၈ နှစ်ရှိ ဆောက်လုပ်ရေးအလုပ်သမား လူးဝစ် အက်စတောဂါက ဆိုပါတယ်။ 

ရွေးကောက်ခံရတဲ့ ဘော်ရစ်က ကမ္ဘာမှာ ဆင်းရဲချမ်းသာ ကွာဟချက် အကြီးမားဆုံးထဲက တစ်နိုင်ငံဖြစ်တဲ့ ချီလီနိုင်ငံမှာ အခွန်တွေ တိုးကောက်ပြီး လူမှုရေး အသုံးစရိတ်တွေ မြှင့်တင်သွားကာ ‘လူမှုဖူလုံရေး နိုင်ငံတော်’ အဖြစ် တည်ဆောက်မယ်လို့ မဲဆွယ်ကတိ ပေးထားခဲ့တာ ဖြစ်ပါတယ်။ 

ရှုတ်ချပုတ်ခတ်သူတွေရဲ့ ‘ကွန်မြူနစ်’ ဆိုပြီး တံဆိပ်ကပ်ခံရတဲ့ သူက တနင်္ဂနွေနေ့မှာ ပထမဆုံး တရားဝင် မိန့်ခွန်းပြောရာမှာ ‘လူမှုအခွင့်အရေးများ တိုးမြှင့်သွားမယ်’ လို့ ယတိပြတ် ပြောဆိုပေမယ့် ‘ဘဏ္ဍာရေး အခြေအနေအရ’ ဖော်ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

“ကျွန်တော်တို့ရဲ့ အကြီးစား စီးပွားရေးကို အကာအကွယ် ပေးနိုင်အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမယ်၊ ပင်စင်လစာတွေ ခံစားခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ တိုးတက်ကောင်းမွန်စေအောင် ကျွန်တော်တို့ ဖော်ဆောင်သွားမယ်”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required