တိုက်ပွဲများ ဆက်လက်ဖြစ်နေစဉ် စစ်ဘေးရှောင်ဒုက္ခသည် ၆၀၀ ကျော်ကို ထိုင်းဖက်က ပြန်ပို့ 

တိုက်ပွဲများ ဆက်လက်ဖြစ်နေစဉ် စစ်ဘေးရှောင်ဒုက္ခသည် ၆၀၀ ကျော်ကို ထိုင်းဖက်က ပြန်ပို့ 

ဒီဇင်ဘာ ၂၀

မြန်မာနိုင်ငံတွင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ပွဲများမှ ထွက်ပြေးလာကြသော မြန်မာဒုက္ခသည် ၆၀၀ ကျော်ကို တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ်မှာပင် ထိုင်းနိုင်ငံက နယ်စပ်ဖြတ်ကျော် ပြန်ပို့ကြောင်း ထိုင်းအကြီးတန်း တာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောသည်။ 

ထိုင်းနိုင်ငံ အနောက်မြောက်ဖက် တက်ခ်ပြည်နယ်သို့ ရောက်ရှိနေကြသော ဒုက္ခသည်အချို့က တနင်္ဂနွေနေ့ မနက်ပိုင်း၌ မြန်မာနိုင်ငံသို့ မရောက်ရှိမီ ရိုက်တာသို့ ပြောရာ၌ ၎င်းတို့က ကိုယ့်ဆန္ဒအလျောက် ပြန်ကြခြင်းဖြစ်သည်ဟု ပြောသည်။ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းအထိ ရှေ့တန်းတွင် ပစ်ခတ်သံများ ကြားနေရဆဲဖြစ်သည်ဟု ထိုင်းနိုင်ငံဖက်ရှိ ရိုက်တာသတင်းထောက်များက ပြောကြသည်။

“လူတော်တော်များများက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေအတွက် စိုးရိမ်မကင်းဖြစ်တာကြောင့် ပြန်သွားလိုတဲ့ ဆန္ဒရှိနေတာ ဖြစ်တယ်”ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ဆွမ်ချိုင်းက နေ့လယ်ပိုင်း၌ ရိုက်တာသတင်းဌာနသို့ ပြောသည်။ 

ထိုင်းနိုင်ငံအနေဖြင့် ဒုက္ခသည်များအား မြန်မာဖက် အလျင်စလို ပြန်မပို့ရန် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ လက်ထောက် အာရှရေးရာ ညွှန်ကြားရေးမှူး ဖီလ် ရောဘတ်ဆန်က တိုက်တွန်းသည်။ 

“တိုက်ပွဲနယ်မြေမှာ မြန်မာစစ်တပ်ဟာ သေလောက်တဲ့ အင်အားနဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတာ အားလုံးလည်း အသိပဲ၊ ဒါကြောင့် ဒုက္ခသည်တွေဟာ အသက်ဘေးအတွက် ထွက်ပြေးလာကြရတယ်လို့ ပြောတာဟာ ချဲ့ကားပြောတာမျိုး မဟုတ်ဘူး”ဟု ရောဘတ်ဆန်က ဆိုသည်။ 

မြန်မာစစ်တပ် ပြောခွင့်ရှိသူတစ်ဦးအား ဖုန်းဆက်သွယ်မေးမြန်းသည်ကို ပြန်လည်ဖြေကြားခြင်း မရှိပေ။ အရပ်သားများအား ပစ်မှတ်ထားခြင်းကို စစ်တပ်က ငြင်းဆန်ထားသည်။

မြန်မာနယ်စပ်တစ်လျှောက်၌ ထိုင်းနိုင်ငံဖက်သို့ ကူးရန် နေရာအသီးသီး၌ စခန်းချ စောင့်ဆိုင်းနေသူပေါင်း ၁၀၀၀ ခန့်ရှိနေသည်ဟု ထိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်းဝင်ရောက်သူများ အုပ်စု Aid Alliance Committee က ဆိုသည်။ 

ထိုင်း စာသင်ကျောင်းတစ်ကျောင်း၌ ခိုလှုံနေထိုင်နေကြသော ဒုက္ခသည် ဒါဇင်များစွာကို တနင်္ဂနွေနေ့ နံနက်ပိုင်းက ထရပ်ကား သုံးစင်းဖြင့် နယ်စပ်သို့ ပြန်လည်ပို့ဆောင်နေသည်ကို ရိုက်သတင်းထောက်များက တွေ့မြင်ခဲ့ရသည်။ 

“ကျွန်တော် မယ်ထော်တလေးကနေ ထွက်ပြေးလာတာပါ၊ ကျွန်တော် အိမ်နား လက်နက်ကြီး ကျည်တွေ ကျတာဖြစ်တယ်”ဟု နယ်စပ်သို့ မထွက်ခွာခင် ထရပ်ကားပေါ်၌ ရပ်နေသူတစ်ဦးက နာမည် မထုတ်ဖော်ဘဲ ပြောသည်။ “ထိုင်းနိုင်ငံဖက်ဆီ ကျွန်တော်က မြစ်ကိုဖြတ်ပြီး ကူးလာခဲ့ရတာပါ”ဟု ၎င်းက ပြောသည်။ 

ဒုက္ခသည် ၆၂၃ ဦးကို ပြန်ပို့ခဲ့ပြီဖြစ်ပြီး ထိုင်းဖက်၌ ၂၀၉၄ ဦး ကျန်ရှိနေသေးဆဲဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဆွမ်ချိုင်းက ‌ပြောရင်း ထိုသူများအနေဖြင့်လည်း နေရပ်ပြန်လိုသည့် ဆန္ဒရှိလျှင် ပြန်ကြရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly