ချစ်လှစွာသောအမုန်း ရုပ်ရှင် ဇာတ်ကားအတွင် ကြိုးစားရကျိုးနပ်တယ် ဆိုတဲ့ ဝတ်မှံုရွှေရည်

ချစ်လှစွာသောအမုန်း ရုပ်ရှင် ဇာတ်ကားအတွင် ကြိုးစားရကျိုးနပ်တယ် ဆိုတဲ့ ဝတ်မှံုရွှေရည်

လက်ရှိတွင် ချစ်လှစွာသော အမုန်း ရုပ်ရှင် ဇာတ်ကားကြီးကို ပရိသတ်တွေ သဘောကျပြီး အားပေးကြသည့် အတွက် အမုန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် အကယ်ဒမီ ဝတ်မှုံရွှေရည်မှ ဝမ်းသာပီတ ဖြစ်မိကြောင်း နှင့် ကြိုးစားရကျိုးနပ်ကြောင်း မဇ္ဈိမကို ပြောသည်။

ချစ်လှစွာသော အမုန်း ရုပ်ရှင် ဇာတ်ကားကို စာရေးဆရာမ ပုညခင် ဝတ္ထုကို ဒါရိုက်တာ ဝိုင်းမှ ရိုက်ကူး ပုံဖော်ထားခြင်းဖြစ်ပြီး သရုပ်ဆောင်များအဖြစ် အကယ်ဒမီ သက်မွန်မြင့်၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အောင်ရဲလင်းတို့၊ ဇင်ဝိုင်း၊ နွဲ့နွဲ့စန်း တို့မှ အဓိက ပါဝင်သရုပ်ဆောင်ထားကြသည်။

အကယ်ဒမီ ဝတ်မှုံရွှေရည်က "ရာခိုင်နှုန်း အပြည့်နီးပါးက သဘောကျကြတယ် ကျေနပ်ကြတယ် အားပေး ရကျိုးနပ်တယ်လို့ အသံတွေ ကြားရတဲ့ အတွက် ကြိုးစားရကျိုးနပ်ပါတယ်။ ကစ်တို့ လွန်ခဲ့တဲ့ ၂နှစ်လောက်က ရိုက်ထားတယ် အဲတုန်းက ပင်ပန်းခဲ့တာက အခုကျမှ ပြန်ခံစားရတာပေါ့နော်။ ဒီပီတပဲ စားရတာလေ" ဟု ပြောပြသည်။

ထို ဇာတ်ကားသည် သရုပ်ဆောင် ဝတ်မှုံရွှေရည် အတွက် စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ပြီး ဇာတ်ကား မရိုက်ခင် အချိန်ကာလထဲက စိတ်ဖိစီးမှုများစွာ ရှိခဲ့သည့် ဇာတ်ကားတစ်ကား ဖြစ်သည့်အတွက် မှတ်မှတ်ရရ ဖြစ်ခဲ့ရသည့် ဇာတ်ကားတစ်ကား ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောပြသည်။

ယခုနှစ်တွင် ကျင်းပ ပြုလုပ်မည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ချစ်လှစွာသောအမုန်း ဇာတ်ကားဖြင့် ဇာတ်ကားတွင် ပါဝင်ကြသည့် မင်းသမီး နှစ်လက်လုံး အကယ်ဒမီ ရနိုင်ကြောင်း ပရိသတ်များကြား ပြောဆိုမှုများ ဖြစ်ပေါ် ခဲ့သော်လည်း ရုံပြိုင်စနစ်ဖြင့် ၂၀၁၆ ဇန်နဝါရီတွင် ရုံတင် ပြသသည့် ဇာတ်ကား ဖြစ်သွားသည့် အတွက် ၂၀၁၅ ခုနှစ် အကယ်ဒမီ စာရင်းမဝင်တော့ပဲ ၂၀၁၆ ခုနှစ် အကယ်ဒမီ စာရင်းဝင် ဇာတ်ကား တစ်ကား ဖြစ်သွားခဲ့သည်။

"အစတုန်းကတော့ ၂၀၁၅ စာရင်းဝင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရုံပြိုင်စနစ်တွေနဲ့ ပြတဲ့ အခါ ကျတော့ ၂၀၁၅ထဲ မဝင်ပဲ ၂၀၁၆ ဇန်နနဝါရီမှာ ပြသတာ ဖြစ်တဲ့ အတွက် ၂၀၁၆ အကယ်ဒမီ စာရင်းထဲ ဝင်သွားတယ်လို့ ပြောပါတယ်။ ကစ်ကတော့ အကယ်ဒမီ ရတာ မရတာတော့ မပြောတတ်ဘူး။ ဘယ်အလုပ်ပဲလုပ်လုပ် ကစ် အရမ်းကြီး မျှော်လင့်ချက်နဲ့ မလုပ်ပါဘူး။ ကိုယ့်ကြိုးစားထားတဲ့ အတွက်ကြောင့် အရာတော့ ထင်ချင် တာပေါ့ အရမ်းတော့ မမျှော်လင့်ထားဘူး။ ဘယ်အလုပ်မဆို ကိုယ်ချစ်တဲ့ အနုပညာကိုတော့ အကောင်းဆုံး ဖြစ်အောင် တော့ ကြိုးစားပြီး လုပ်ထား ပါတယ်" ဟု ပြောသည်။

ချစ်လှစွာသောအမုန်း ရုပ်ရှင် ဇာတ်ကားကြီးကို ဇန်နဝါရီ ၁ရက်တွင် ရုံပြိုင်စနစ်ဖြင့် အုပ်စု B စာရင်းဝင် ဖြစ် သည့် ရှေ့ဆောင် ရုပ်ရှင်ရုံတွင် စတင် ပြသခဲ့ပြီး ဇန်နဝါရီ ၃ရက်တွင် ဇာတ်ကားတွင် ပါဝင်ကြသည့် သရုပ်ဆောင်များမှ ရှေ့ဆောင် ရုပ်ရှင်ရုံ၌ ပရိသတ်များနှင့် တွေ့ဆုံပြီး အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly