အစ္စရေးဝန်ကြီးချုပ် ယူအေအီးနိုင်ငံဆီ သမိုင်းဝင် ခရီးစဉ် ရောက်ရှိ

အစ္စရေးဝန်ကြီးချုပ် ယူအေအီးနိုင်ငံဆီ သမိုင်းဝင် ခရီးစဉ် ရောက်ရှိ
Photo - AFP

ဒီဇင်ဘာလ ၁၃ ရက်

ဂျူးနိုင်ငံတော် ဝန်ကြီးချုပ်တစ်ဦးရဲ့ ပထမဆုံး တရားဝင် ခရီးစဉ်အဖြစ် အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်ဟာ ယူအေအီးနိုင်ငံဆီ တနင်္ဂနွေနေ့က ရောက်ရှိလို့ လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့အပြီးမှာ အစ္စရေးဝန်ကြီးချုပ်ရဲ့ ပထမဆုံး ယူအေအီးခရီးစဉ်လည်း ဖြစ်ပါတယ်။ 

အစ္စရေးရဲ့ ရန်ဖက်ဖြစ်တဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်လို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ နိုင်ငံတကာ ဆွေးနွေးပွဲတွေ ပြန်စတာကို ဆန့်ကျင်ပြီး အစ္စရေးဟာ သံခင်းတမန်ခင်းကို အားဖြည့်လာတဲ့ ကာလအတွင်း အခု ခရီးစဉ်ကို ဝန်ကြီးချုပ်ရုံးက ကြေညာလာခဲ့တာပါ။ 

အစ္စရေးနဲ့ ယူအေအီးကြား အထူးသဖြင့် စီးပွားရေးနဲ့ ဒေသတွင်း ကိစ္စရပ်တွေမှာ ဆက်ဆံရေး ပိုမိုနက်ရှိုင်းရေးကို ဝန်ကြီးချုပ် ဘန်းနက်ဟာ ယူအေအီး အိမ်ရှေ့မင်းသား ရှိတ် မိုဟာမတ် ဘင် ဇာယစ်ဒ် အာလ်-နစ်ယန်နဲ့ တနင်္လာနေ့မှာ တွေ့ဆုံဆွေးနွေးကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ 

ဘန်းနက်က ‘သမိုင်းဝင်’အဖြစ် ခေါ်ဆိုတဲ့ အခု ခရီးစဉ်နဲ့ ပတ်သက်လို့ ယူအေအီးဖက်က ချက်ချင်း ထုတ်ပြန်ပြောဆိုလာတာ မရှိသေးပါ။ 

ဘန်းနက်ကို အဘူဒါဘီမှာ ယူအေအီးနိုင်ငံခြားရေးဝန်ကြီး အဒူလက်ရှ် ဘင် ဇာယစ်ဒ် အာလ်-နစ်ယန်က ဂုဏ်ပြုတပ်ဖွဲ့နဲ့အတူ ကြိုဆိုခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

“အလွန် နွေးထွေးတဲ့ ဧည့်ဝတ်ကြိုဆိုမှုအတွက်’ သူ့အနေနဲ့ ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ 

“ဒီကို ရောက်လာတာ ကျွန်တော် အလွန် စိတ်လှုပ်ရှားမိတယ်၊ အစ္စရေး ခေါင်းဆောင်တစ်ဦးရဲ့ ပထမဆုံး ခရီးစဉ်မဟုတ်လား၊ ကျွန်တော်တို့အနေနဲ့ ဆက်ဆံရေး တိုးတက်ခိုင်မာရေးကို ရှေရှုသွားမှာ ဖြစ်တယ်”လို့ ဘန်းနက်က ပြောပါတယ်။ 

အစောပိုင်းက ထုတ်ပြန်တဲ့ ဗီဒီယိုတစ်ခုမှာ ဘန်းနက်က နှစ်နိုင်ငံကြားက ဆက်ဆံရေးဟာ ‘ထူးကဲပြီး ကျယ်ပြန့်လာခဲ့ပြီ’လို့ ပြောပါတယ်။ မိမိတတို့အနေနဲ့ ဒီ ဆက်ဆံရေးကို ထိန်းသိမ်းပြီး ခိုင်မြဲအောင် ဆက်လက်ဖော်ဆောင်သွားမှာ ဖြစ်သလို ပြည်သူတွေကြားမှာလည်း နွေးထွေးတဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်သွားမှာ ဖြစ်တယ်ဆိုပြီး သူက ပြောခဲ့ပါတယ်။ 

ယူအေအီးနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က အီဂျစ်နဲ့ ဂျော်ဒန်ပြီးရင် အစ္စရေးနဲ့ အပြည့်အဝ သံတမန်ဆက်ဆံရေး ထူထောက်ခဲ့တဲ့ တတိယမြောက် အာရပ်နိုင်ငံပဲ ဖြစ်ပါတယ်။ ဘာရိန်းနဲ့ မော်ရိုကိုနိုင်ငံတွေဟာလည်း အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်ထားကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required