ရုရှားနဲ့ အီရန်ကို ဂျီ ၇ အပြင်းအထန် သတိပေး

ရုရှားနဲ့ အီရန်ကို ဂျီ ၇ အပြင်းအထန် သတိပေး
Photo - AFP

ဒီဇင်ဘာလ ၁၃ ရက်

ယူကရိန်းကို ကျူးကျော်မယ်ဆိုရင် "ကြီးမားတဲ့ အကျိုးဆက်တွေ" နဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုပြီး ရုရှားကို ဂျီ ၇ အုပ်စုက ဒီဇင်ဘာ ၁၂ ရက်မှာ အပြင်းအထန် သတိပေးလိုက်ပါတယ်။ အလားတူပဲ ဂျီ ၇ အုပ်စုက အီရန်ကိုလည်း ပြင်းပြင်းထန်ထန် သတိပေးသွားခဲ့ပြီး ယင်းနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်တွေကို ထိန်းချုပ်ကန့်သတ်မယ့် သဘောတူညီချက်တစ်ခုကို သဘောတူ လိုက်လျောဖို့ အီရန်အတွက် အချိန်သိပ်မကျန်တော့ဘူးဆိုပြီး သတိပေးသွားခဲ့ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ ၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ အင်္ဂလန် အနောက်မြောက် လီဗာပူးမြို့မှာ နှစ်ရက်တာ အစည်းအဝေး ကျင်းပခဲ့ကြပြီး ယင်းအစည်းအဝေးမှာတော့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတွေအပေါ် ခိုင်မာပြီး စည်းလုံးညီညွတ်တဲ့ ရပ်တည်ချက်သဘောထားတစ်ရပ်ကို ထုတ်ဖော်ပြသဖို့ ဂျီ ၇ အုပ်စုက ကြိုးပမ်းခဲ့ကြပါတယ်။

ဂျီ ၇ ရဲ့ အလှည့်ကျသဘာပတိ ဖြစ်တဲ့ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရပ်စ်က အီရန်နဲ့ ပတ်သက်လို့ ပြောကြားခဲ့ရာမှာတော့ ဗီယင်နာမှာ ပြန်စခဲ့တဲ့ ဆွေးနွေးမှုတွေကတော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့အတူ ဆွေးနွေးညှိနှိုင်းရေးစားပွဲဝိုင်းဆီ ရောက်လာရမယ့် အီရန် အစ္စလမ္မစ်သမ္မတနိုင်ငံရဲ့ နောက်ဆုံးအခွင့်အလမ်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

"ဆွေးနွေးမှုစားပွဲဝိုင်းဆီ ရောက်လာပြီး ဒီ သဘောတူညီချက်ကို သဘောတူဖို့ အီရန်အတွက် အချိန်ရှိနေပါသေးတယ်" လို့ သူမက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဂျီ ၇ ဆွေးနွေးပွဲရဲ့ အပြီးသတ် ထုတ်ပြန်ချက်မှာတော့ အီရန်အနေနဲ့ ယင်းရဲ့ နျူကလီးယား ရည်မှန်းချက်တွေ အရှိန်မြှင့်တင်နေတာကို ရပ်တန့်ရမှာဖြစ်ပြီး အခွင့်အရေးရှိနေဆဲအချိန်မှာ သဘောတူညီချက်တစ်ခု ရယူနိုင်မယ့် အခွင့်အရေးကို ဆုပ်ကိုင်ရမှာဖြစ်ကြောင်း ပြောထားခဲ့ပါတယ်။

အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား ၂၀၁၅ သဘောတူညီချက်တစ်ရပ်ကို ပြန်လည်အသက်သွင်းနိုင်အောင် ကြိုးပမ်းဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေဟာ ကြာသပတေးနေ့မှာ ပြန်စထားခဲ့ပါတယ်။ သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက် ၂၀၁၈ ခုနှစ်မှာ အမေရိကန်က ထို သဘောတူညီချက်ကနေ နုတ်ထွက်ခဲ့ပါသေးတယ်။

တချိန်တည်းမှာလည်းပဲ ဂျီ ၇ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပြီးနောက် ရုရှားကိုလည်း အပြင်းအထန် သတိပေးမှု ပြုလုပ်သွားခဲ့ပါတယ်။ လက်ရှိ ယူကရိန်း နယ်စပ်မှာ ရုရှားတပ်ဖွဲ့တွေ တပ်အင်အားတိုးမြှင့်ချထားမှု ကိစ္စက ဂျီ ၇ အစည်းအဝေးမှာ အီရန်ကိစ္စလိုပဲ အဓိကထား ဆွေးနွေးစရာ ကိစ္စရပ်ဖြစ်ခဲ့ပါတယ်။ယူကရိန်းနယ်စပ်မှာ ရုရှားရဲ့ တပ်ချမှုကြောင့် ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်သိမ်းပိုက်မလား ဆိုပြီး စိုးရိမ်ပူပန်မှုတွေကို ထွက်ပေါ်ထားစေခဲ့ပါတယ်။

"အကယ်၍များ ယူကရိန်းကို ကျူးကျော်မယ်ဆိုရင် ရုရှားအနေနဲ့ အင်မတန် ကြီးမားတဲ့ အကျိုးဆက်တွေ ခံစားရမယ် ဆိုတဲ့ ဂျီ ၇ အုပ်စုတွင်း ညီညွတ်တဲ့ ထုတ်ဖော်မှုတစ်ခု ရှိခဲ့ပါတယ်" လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ထရပ်စ်က ပြောသွားခဲ့ပါတယ်။

ဂျီ ၇ အစည်းအဝေး အပြီးသတ် ထုတ်ပြန်ချက်မှာ ယူကရိန်းရဲ့ နယ်မြေ တည်တံ့ခိုင်မြဲမှုနဲ့ အချုပ်အချာအာဏာတို့ကို ဂျီ ၇ ဝန်ကြီးတွေက တညီတညွတ်တည်း ထောက်ခံခဲ့ကြပြီး ကိယက်ဗ်ရဲ့ "ထိန်းသိမ်းသည်းခံတဲ့ ရပ်တည်ချက်" ကို ပြသမှုအတွက် ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်စကီးကိုလည်း ချီးကျူးခဲ့ကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required