အမေရိကန်မှာ လေဆင်နှာမောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၉၄ ဦးအထိ ရှိ

အမေရိကန်မှာ လေဆင်နှာမောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၉၄ ဦးအထိ ရှိ
Photo - AFP

ဒီဇင်ဘာလ ၁၃ ရက်

အမေရိကန်နိုင်ငံရဲ့ ပြည်နယ်အချို့မှာ ရာသီနှောင်းပိုင်း ဖျက်အားပြင်းတဲ့ လေဆင်နှာမောင်းတွေ တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေဟာ ၉၄ ဦးအထိ ရှိခဲ့ပြီး အရေးပေါ် လုပ်သားတွေဟာ တနင်္ဂနွေနေ့မှာဆိုရင် အသက်ရှင်နိုင်သူတွေကို အပတ်တကုပ် လိုက်လံရှာဖွေလျက် ရှိနေပါတယ်။ 

မြို့တော်တော်များများ ပျက်စီးမှုဖြစ်ရတဲ့ အခု လေဆင်နှာမောင်းဘေးအတွင်းမှာ ကန်တက်ကီက ဖယောင်းစက်ရုံတစ်ရုံ ပျက်စီးခဲ့တာဟာဆိုရင် လေဆင်နှာမောင်းအတွင်း ပျက်စီးဆုံးရှုံးမှုတွေရဲ့ ပမာဏကို မီးမောင်းထိုး ပြသနေပါတယ်။ 

လေဆင်နှာမောင်းတွေ ဒဏ်ကြောင့် တစ်မြို့လုံး နီးနီး ပျက်စီးမှုဖြစ်ခဲ့တဲ့ မေဖီးလ်မြို့က အဆောက်အအုံတွေဟာ ရစရာမရှိ ဖြစ်သွားဖွယ်ရာ ရှိတယ်လို့ ကန်တက်ကီပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒီ ဘတ်ရှီယားက သတိပေးပြောဆိုပါတယ်။ 

အခု လေဆင်နှာမောင်းတွေဟာ အမေရိကန်သမိုင်းမှာ အကြီးဆုံး မုန်တိုင်းတိုက်ခိုက်မှုတွေထဲက တစ်ခုပဲဖြစ်တယ်လို့ သမ္မတ ဂျိုး ဘိုင်ဒင်က ပြောပြီး “သေဆုံးသူ ဘယ်လောက်အရေအတွက် ရှိတာရယ်၊ ပျက်စီးဆုံးရှုံးမှုအတိုင်းအတာကို ကျွန်တော်တို့ သေချာ မသိရသေးဘူး”လို့ ဖြည့်စွက်ဆိုပါတယ်။ 

အခြေအနေကို အကဲဖြတ် သုံးသပ်ဖို့အတွက် ကန်တက်ကီပြည်နယ်ဆီ အမိမြေလုံခြုံရေးဌာနနဲ့ ဗဟိုအရေးပေါ် စီမံခန့်ခွဲရေးဌာနက အကြီးအကဲတွေကို သူက စေလွှတ်ထားပြီး ဗဟိုအစိုးရက အပြည့်အဝ ကူညီပေးသွားမယ်လို့ ကတိပြုပြောဆိုပါတယ်။ 

ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး တာဝန်ရှိသူတွေဟာ အပျက်အစီးတွေကြား ဆောက်တည်ရာ မရဖြစ်နေတဲ့ ဒေသခံတွေကို ကူညီပေးလျက် ရှိနေပြီး သေဆုံးသူဦးရေ ၉၄ ဦး စာရင်းကောက်နိုင်ပေမယ့် ထပ်တိုးလာနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ 

ကန်တက်ကီပြည်နယ် တစ်ခုတည်းမှာတင် သေဆုံးသူဦးရေက ၈၀ ကျော် ရှိနေတာပါ။ အများစုဟာ ဖယောင်းစက်ရုံက အလုပ်သမားတွေ ဖြစ်ကြတယ်လို့ အုပ်ချုပ်ရေးမှူး ဘတ်ရှီယားက ဆိုပါတယ်။ 

“သေဆုံးသူက ၁၀၀ ကျော်လာနိုင်တယ်”လို့ သူက CNN သတင်းဌာနကို ပြောပါတယ်။ 

လေဆင်နှာမောင်း တိုက်ခိုက်ချိန်မှာ အဲဒီ ဖယောင်းစက်ရုံမှာ အလုပ်သမား ၁၁၀ လောက် အလုပ်ဆင်းနေတာ ဖြစ်ပြီး သူတို့ထဲက ၄၀ လောက်ကို ကယ်တင်နိုင်ခဲ့တာလို့ ဘတ်ရှီယားက ဆိုပါတယ်။ “နောက်ထပ် ကယ်ဆယ်ရှာတွေ့တာတွေ ရှိလာပါ့ဦးမလားဆိုတာ ကျွန်တော် ကျိန်းသေ မပြောနိုင်ဘူး”လို့ သူက ပြောပါတယ်။ 

“အသက်ရှင်ကျန်ရစ်သူတွေကို နောက်ထပ် ရှာဖွေကယ်ဆယ်နိုင်ဖို့ ကျွန်တော် ဆုတောင်းနေရပါတယ်”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly