စစ်သားများတပ်စွဲထားသည့် မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ထွေအုပ်ရုံး တိုက်ခိုက်ခံရ

စစ်သားများတပ်စွဲထားသည့် မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ထွေအုပ်ရုံး တိုက်ခိုက်ခံရ

ဒီဇင်ဘာ ၈

စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် မန္တလေးမြို့  ပြည်ကြီးတံခွန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ရတနာပုံ မြို့ပြတော်လှန်ရေးတပ်ဖွဲ့ (YURF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး) PDF (Mandalay) တို့ပူးပေါင်း၍ ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀  ဝန်းကျင်တွင် တိုက်ခိုက်ခဲ့ကြောင်း YURF က ထုတ်ပြန်သည်။ 

စစ်သားနှင့် ရဲအင်အား ၁၀ ဦး ဝန်းကျင် ရှိနေစဉ် သွားရောက် ပစ်ခတ်ခဲ့ရာ စစ်သားတစ်ဦး လဲကျသွားကြောင်း ကနဦး သိရပြီး နောက်ဆက်တွဲကိုမူ ပြန်လည် ပစ်ခတ်နေမှုများကြောင့် မှတ်တမ်း ရယူနိုင်ခဲ့ခြင်း မရှိကြောင်း YURF အဖွဲ့ဝင်က ဆိုသည်။ 

“ကျွန်တော်တို့က အဓိက ရည်ရွယ်တာက ဟိုနေ့က ရန်ကုန်မှာ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်နေတဲ့ သပိတ်သမားတွေ ၊ ဒီနေ့မနက် မန္တလေးက သပိတ်ကလေးတွေကို ကားနဲ့တိုက်ပြီး အဖမ်း ခံရတာတွေအပေါ် လက်တုံ့ပြန်တာလည်းပါသလို တပ်ဖွဲ့နှစ်ဖွဲ့ကြား ပူးတွဲစစ်ရေး ဖော်ဆောင်ပြီး တိုက်ခိုက်တာတွေကို ရည်ရွယ်တာပေါ့”  ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲများက ပြန်လည် ပစ်ခတ်ခဲ့သော်လည်း YURF နှင့် PDF (Mandalay) ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်ဟု ဆိုသည်။ 

ယခု ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ကောင်စီတပ်များ တပ်စွဲ နေသည်မှာ သုံးလကျော် ရှိနေပြီ ဖြစ်ကြောင်းလည်း YURF အဖွဲ့ထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required