ရင်းနှီးမြုပ်နှံရန်အတွက် ဂျပန်ကို စစ်ကောင်စီခန့် ဝန်ကြီး မေတ္တာရပ်ခံ

ရင်းနှီးမြုပ်နှံရန်အတွက် ဂျပန်ကို စစ်ကောင်စီခန့် ဝန်ကြီး မေတ္တာရပ်ခံ
Photo -  KYODO NEWS

ဒီဇင်ဘာ ၈

ဂျပန်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှုအတွက် စစ်ကောင်စီခန့် ဝန်ကြီး ဦးအောင်နိုင်ဦးက အင်္ဂါနေ့၌ မေတ္တာရပ်ခံသကဲ့သို့ တရားဝင် ဖွံ့ဖြိုးရေးအကူအညီဖြင့် ရန်ပုံငွေ ထောက်ပံ့သော စီမံကိန်းသစ်များ ဆိုင်းငံ့ထားခြင်းအား အဆုံးသတ်ပေးရန် ဂျပန်အစိုးရအား တောင်းဆိုခဲ့ကြောင်း သိရသည်။ 

Kyodo News နှင့် အခြား ဂျပန်မီဒီယာများနှင့် အွန်လိုင်းမှ အင်တာဗျူးရာတွင် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားရေးဆက်ဆံမှု ဝန်ကြီး ဦးအောင်နိုင်ဦးက ထိုသို့ မေတ္တာရပ်ခံ ပြောဆိုခြင်း ဖြစ်သည်။ 

“ကျွန်တော် သတင်းစကား ပါးလိုတာကတော့ ဂျပန်စီးပွားရေးအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံဆီ ပြန်လာပြီး စီးပွားရေး လုပ်ငန်းတွေ ပြန်လည်စတင်ဖို့နဲ့ ဖြစ်နိုင်ရင် စီးပွားရေးတွေ တိုးချဲ့ဖို့ တွန်းအားပေးလိုပါတယ်၊ အရင်ကထက် ပိုပြီး ကောင်းမွန်တဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ကျွန်တော်တို့ ကျိန်းသေဖော်ဆောင်လျက် ရှိပါတယ်”ဟု ၎င်းက ဆိုသည်။ 

ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေ လများစွာ ကြာမြင့်ပြီးနောက် မြန်မာနိုင်ငံ၏ အခြေအနေသည် ပုံမှန်သို့ ပြန်လည်ရောက်ရှိပြီဟု သူက ပြောသည်။ 

“မျက်မြင်ကိုယ်တွေ့ပါပဲ၊ လအတော်ကြာပြီးနောက်မှာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အခြေအနေဟာ လက်ရှိထက် ပိုပြီး တည်ငြိမ်လာပါတော့မယ်၊ ကျွန်တော်တို့အနေနဲ့ စီးပွားရေးတွေ ပြန်လည်စတင်ဖို့ကို ကြိုဆိုလာနိုင်တော့မယ်လို့ ကျွန်တော် မျှော်လင့်ထားတယ်၊ အထူးသဖြင့် ဂျပန်နိုင်ငံဆီကနေပါ”ဟု ၎င်းက ဖြည့်စွက်ပြောသည်။ 

မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်းထားသည် သိသိသာသာ တိုးပွားလျက်ရှိပြီး အရပ်သား ဆန္ဒပြသူများကို လုံခြုံရေးတပ်များက ဖြိုခွင်းမှုများကြောင့် စားနပ်ရိက္ခာ အရန်သင့်ရှိမှုမှာလည်း ယိုယွင်းဆိုးဝါးနေသည်။ 

နောက်ထပ် အကြောင်းရင်းတစ်ရပ်မှာ “CDM လှုပ်ရှားမှု”ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချအာဏာသိမ်းခြင်းကို ဆန့်ကျင်ဆန္ဒပြကာ အလုပ်သမားအများအပြားက အလုပ်တာဝန် စွန့်လွှတ်ကြခြင်းဖြစ်သည်။ 

သို့ရာတွင် နိုင်ငံတကာ မီဒီယာများက အခြေအနေကို ပုံကြီးချဲ့ကားနေသည်ဟု ဦးအောင်နိုင်ဦးက အခိုင်အမာဆိုကာ CDM လှုပ်ရှားမှုသည် ပြီးဆုံးလုနီးပါး ဖြစ်နေပြီဟု အတိအလင်း ပြောသည်။ 

မြန်မာနိုင်ငံ၏ စီးပွားရေးသည် စက်တင်ဘာလ၌ ကုန်ဆုံးသည့် ဘဏ္ဍာနှစ်၌ စီးပွားရေး ၁၈ ရာခိုင်နှုန်း ကျုံ့သွားဖွယ်ရာ ရှိသည်ဟု ကမ္ဘာ့ဘဏ်က ယခုနှစ် အစောပိုင်းတွင် သတိပေးထားသည်။  

သို့ရာတွင် ယခုကဲ့သို့ စိုးရိမ်စဖွယ် ခန့်မှန်းချက် ရှိလင့်ကစား ဦးအောင်နိုင်ဦးကမူ ကပ်ဘေးနှင့် အရပ်ဘက် မငြိမ်သက်မှုများကြောင့် ဂျီဒီပီသည် ကိန်းဂဏန်းတစ်လုံးစာသာ ကျုံ့ဖွယ်ရှိသည်ဟု ဆိုသည်။ 

ငွေကြေးဖောင်းပွမှုနှုန်း နည်းပါးခြင်း၊ ကာကွယ်ဆေးထိုးနှံနှုန်း မြင့်တက်ခြင်း၊ နိုင်ငံတည်ငြိမ်မှု ပြန်လည်ဖြစ်ထွန်းခြင်းနှင့် ပြည်တွင်း ရင်းနှီးမြုပ်နှံမှု အဓိကဖြစ်သည့် ရင်းနှီးမြုပ်နှံမှုများ များပြားခြင်းတို့အားဖြင့် အောက်တိုဘာတွင် စတင်သည့် လက်ရှိဘဏ္ဍာနှစ်တွင် ဂျီဒီပီ ပြန်လည်တက်လာမည်ဟု ၎င်းတို့အစိုးရက မျှော်မှန်းထားကြောင်း ဦးအောင်နိုင်ဦးက ပြောခဲ့သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required