စစ်ကောင်စီ ခန့် နိုင်ငံခြားရေးဝန်ကြီး ကမ္ဘောဒီးယားသို့ ခရီးစဉ် ရောက်ရှိ

စစ်ကောင်စီ ခန့် နိုင်ငံခြားရေးဝန်ကြီး ကမ္ဘောဒီးယားသို့ ခရီးစဉ် ရောက်ရှိ
Photo - REUTERS

ဒီဇင်ဘာ ၇

ဖြုတ်ချခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆူပူအောင် သွေးထိုးလှုံ့ဆော်မှုနှင့် COVID-19 စည်းမျဉ်းများ ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် စီရင်ချက်ချ၍ နိုင်ငံတကာက ဝေဖန်ရှုတ်ချမှုများ ထွက်ပေါ်လာပြီး နောက်တစ်နေ့မှာပင် မြန်မာစစ်တပ်က ခန့်အပ်သည့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးဝဏ္ဏမောင်လွင်သည် အင်္ဂါနေ့က ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိပြီး ဆွေးနွေးပွဲများ ကျင်းပကြောင်း ရိုက်တာသတင်း၌ ဖော်ပြသည်။ 

ဖနွမ်းပင်ရှိ ငြိမ်းချမ်းရေးနန်းတော်၌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဝဏ္ဏမောင်လွင်က တွေ့ဆုံကာ ဆွေးနွေးပွဲများ မစခင်၌ တံတောင်ဆစ်ချင်း ထိတေ့ကြကာ နှုတ်ဆက်သည်ကို အစိုးရထုတ်ပြန်သည့် ဓာတ်ပုံများအရ မြင်တွေ့ရသည်။ 

ကမ္ဘောဒီးယားနိုင်ငံသည် လာမည့် နှစ်၌ အဖွဲ့ဝင် ၁၀ နိုင်ငံပါ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည် ဖြစ်သည်။ အာဆီယံအဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၁ ရက်၌ ဒေါ်အောင်ဆန်းစုကြည် အစိုးရအား ဖြုတ်ချပြီး ၎င်းနှင့်အတူ အခြားသူများအား စစ်တပ်က ဖမ်းဆီးထားခဲ့သည့် အဖွဲ့ဝင် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ကာ သဘောထားကွဲလျက် ရှိနေသည်။ 

အချို့သော အာဆီယံအဖွဲ့ဝင်များက မြန်မာနိုင်ငံ၏ ဝရုန်းသုန်းကား အခြေအနေ ပြန်လည်ဖြစ်ပေါ်ခြင်းအတွက် စိတ်ဆိုးကြကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား အောက်တိုဘာလအတွင်း၌ ဘရူနိုင်းတွင် ကျင်းပသည့် အဖွဲ့ဝင်ခေါင်းဆောင်များ၏ နှစ်ပတ်လည် ထိပ်သီးညီလာခံသို့ ဖိတ်ကြားခြင်း မပြုခဲ့ကြပေ။ 

သို့ရာတွင် ဝန်ကြီးချုပ် ဟွန်ဆန်က အာဆီယံ၏ အစည်းအဝေးများသို့ စစ်တပ်တာဝန်ရှိသူများအား ဖိတ်ကြားသင့်သည်ဟု တနင်္လာနေ့က ပြောဆိုလာခဲ့သည်။ ဟွန်ဆန်အနေဖြင့် ဒီမိုကရေစီကို ဖိနှိပ်ခြင်းများအတွက် လူ့အခွင့်အရေး အုပ်စုများနှင့် အနောက်အစိုးရများ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူလည်း ဖြစ်သည်။ 

ဟွန်ဆန်နှင့် ဝဏ္ဏမောင်လွင်တို့သည် အပြန်အလှန် ဆက်ဆံရေး၊ အာဆီယံ အရေးကိစ္စနှင့် အဖွဲ့အတွင်း ကောင်းမွန်သော ဆက်ဆံရေး ပြန်လည်ထူထောင်ရေးတို့အား ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ်၏ လက်ထောက်အကူဖြစ်သူ Eang Sophalleth က ပြောသည်။ 

နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်က ဝန်ကြီးချုပ် ဟွန်ဆန်အား ဇန်နဝါရီ ၇ နှင့် ၈ ရက်တို့၌ မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်ရန် ဖိတ်ကြားသည်ကို ဟွန်ဆန်က လက်ခံခဲ့ကြောင်းလည်း Eang Sophalleth က ပြောသည်။ ထိုကြောင့် ဟွန်ဆန်အနေဖြင့် မြန်မာနိုင်ငံ၌ အာဏာသိမ်းပြီးချိန်မှနောက်ပိုင်း ပထမဆုံး လာရောက်သည့် အစိုးရခေါင်းဆောင်ဖြစ်မည် ဖြစ်သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required