ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီ ထောက်ပို့ကား မိုင်း ၁၂ လုံးဆွဲ တိုက်ခိုက်ခံရ၊ အသေအပျောက်ရှိ ဟုဆို

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီ ထောက်ပို့ကား မိုင်း ၁၂ လုံးဆွဲ တိုက်ခိုက်ခံရ၊ အသေအပျောက်ရှိ ဟုဆို

ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မုံရွာ - ပုသိမ်လမ်းပိုင်းတွင် စစ်ကောင်စီ ရိက္ခာထောက်ပို့ကားအား ယင်းမာပင် PDF နှင့် ချင်းတွင်းဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့ CGYGDF ပူးပေါင်းတပ်ဖွဲ့တို့  မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း အဆိုပါ ပူးပေါင်းအဖွဲ့က ထုတ်ပြန်ကြေညာသည်။

ယမန်နေ့ ဒီဇင်ဘာ ၆ ရက် ည ၈ နာရီခန့်တွင် အမှတ် (၂၈) ရဲတပ်ရင်းမှ ထွက်လာသော စစ်ကောင်စီ ရိက္ခာ ထောက်ပို့ကားအား ရှေ့ထွက်မိုင်း ၁၂ လုံးဖြင့ ်တိုက်ခိုက်ခဲ့ကြောင်း ၁၅ မိနစ်ခန့်အကြာတွင် အလောင်း လာကောက်သည့် စစ်ကောင်စီတပ် ကားနှစ်စီးအား မိုင်း ၁၂ လုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း  ထိခိုက်ဒဏ်ရာရရှိသည့် စာရင်း အတိအကျ မသိရှိနိုင်သေးကြောင်း CGYGDF ကဆိုသည်။

“မနေ့ညက အုံးတာ အုံးတာဆိုတာလေ အိမ်တွေတောင်တုန်တယ်၊ အသေအပျောက်လည်း များတယ်လို့ ကြားတယ်၊ ဘယ်နှစ်ယောက် ဆိုတာတော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဉီးက ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းတွင်လည်း ပုသိမ်- မုံရွာလမ်းပေါ်ရှိ မြောက်ယမား တံတားအနီးတွင် စစ်ကောင်စီတပ် ကား၂ စီးအား ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံတစ်ဉီးက ပြောသည်။

ထို့အပြင် မုံရွာ - ပုသိမ်လမ်း အရှေ့ဖက်ရှိ ကျေးစာကျရွာနေ ရဲအငြိမ်းစား တင်ထွန်းနိုင် ဆိုသူအား မေးမြန်းပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးမှုရှိ မရှိကိုမူ မသိရှိရသေးကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

လက်ရှိတွင် မိုင်းဆွဲခံခဲ့ရသည့် ရွှေတောင်ဉီးအနီးရှိ စစ်မှုထမ်းဟောင်းများနေရာ (တပ်ကျိုးကုန်း) တွင် စစ်ကောင်စီကား ၃ စီးနှင့်အတူ ခြေလျင် တပ်ဖြန့်ဆင်းကာ ရွာများအား စစ်ဆေးနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း အဆိုပါ ဒေသခံက ဆက်လက်ပြောကြားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required