၂ ပတ်ကျော် ပိတ်ထားသည့် တွံတေး - ကံဘဲလမ်းဆုံ ပြန်ဖွင့်

၂ ပတ်ကျော် ပိတ်ထားသည့် တွံတေး - ကံဘဲလမ်းဆုံ ပြန်ဖွင့်

ဒီဇင်ဘာ ၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်ရှိ  ၁၇ ရက်ကြာ ပိတ်ထားသည့် တွံတေး - ကံဘဲ့ လမ်းဆုံကို စစ်ကောင်စီက ယမန်နေ့ ဒီဇင်ဘာလ ၆ ရက် ညနေပိုင်းတွင် ပြန်လည်ဖွင့်လှစ်ကာ သွားလာခွင့် ပြုလိုက်ကြောင်း ဒေသခံ သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

တွံတေးမြို့နယ် တွံတေး-ကံဘဲ့ လမ်းဆုံမှ ကော့မှူးမြို့နှင့် ကွမ်းခြံကုန်းမြို့ဘက်သို့ သွားသည့် လမ်းပိုင်းကို စစ်ကောင်စီက ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက် နံနက်ပိုင်းမှ စတင်ကာ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

“တွံတေး-ကံဘဲ့ လမ်းဆုံကို မနေ့က ညနေပိုင်းမှာ စစ်တပ်က ပြန်ဖွင့်ပေးလိုက်ပါတယ်။တွံတေး ဘုရားငုတ်တို လမ်းဆုံမှာတော့ စစ်ဆေးတာတွေ ရှိနေသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တွံတေးမြို့နယ်ရှိ မိုင်တဲ တာဝါတိုင်စောင့် စစ်သားနှစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက အဆိုပါ လမ်းဆုံကို ပိတ်ကာ ကားလမ်းဘေး ကျေးရွာများရှိ နေအိမ်များကို ဧည့်စာရင်း စစ်ဆေးခြင်း၊ လမ်းဘေးဆိုင်များ ဖျက်ခိုင်းခြင်းနှင့် တွံတေးမြို့နယ်အတွင်း စစ်ဆေးမှုများကို တင်းကျပ်စွာ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“အဲ့ဒီ လမ်းဆုံက ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း နဲ့ လှိုင်သာယာ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း သွားတဲ့ လမ်းဆုံပါ။ ပြန်ဖွင့်လိုက်တော့ တော်တော်လေး အဆင်ပြေ သွားတယ်။ ပိတ်ထားတုန်းက ကော့မှူး၊ ကွမ်းခြံကုန်းကနေ ဒလတို့ ရန်ကုန်တို့ သွားဖို့ကို ကွေ့ပတ်ပြီး သွားနေရတာ” ဟု တွံတေး ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင်ရှိ တွံတေး ၊ကော့မှူး၊ ကွမ်းခြံကုန်း စသည့် မြို့နယ်များတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုများ ရှိခဲ့ပြီးနောက် အဆိုပါ မြို့နယ် သုံးမြို့နယ်ကို အင်အားသုံးကာ ဖိနှိပ်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၆ ရက် ညပိုင်းကလည်း ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာ ရဲစခန်းကို ကော့မှူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲသုံးဦး သေဆုံးကာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သည်။

လက်ရှိတွင် အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ကော့မှူးမြို့နယ် ဝါးဘလောက်သောက် ကျေးရွာနှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်စွဲထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required