ချမ်းမြသာစည်မြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်၍ နေအိမ်အတွင်း ဆော့ကစားနေသည့် ၅နှစ်အရွယ် ကလေးငယ် ဦးခေါင်း ကျည်ထိမှန် သေဆုံး

ချမ်းမြသာစည်မြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်၍ နေအိမ်အတွင်း ဆော့ကစားနေသည့် ၅နှစ်အရွယ် ကလေးငယ် ဦးခေါင်း ကျည်ထိမှန် သေဆုံး

ဒီဇင်ဘာ ၇

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၆ ရက် ညနေပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် နေအိမ်အတွင်း ဆော့ကစားနေသည့် ကလေးငယ်တစ်ဦး ဦးခေါင်း ကျည်ဆန်ထိမှန် သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

ချမ်းမြသာစည်မြို့နယ် ၁၁၀ လမ်း၊ ၄၅ လမ်းနှင့် ၄၆ လမ်းကြားရှိ၊ အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်၊ စစ်ကောင်စီ လက်နက်ကိုင်များက လမ်းပေါ်သို့ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခြင်းကြောင့် နေအိမ်အတွင်း ဆော့ကစားနေသည့်  အသက် ငါးနှစ်အရွယ်ခန့်သာ ရှိသေးသည့် ကလေးငယ် ကျည်ဆန်ထိမှန် သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“၆ နာရီကျော်လောက်က အဲဒီရုံးနားမှာ ပေါက်ကွဲမှု ဆက်တိုက်ဖြစ်တယ်၊ အဲဒီကနေစပြီး စကစ (စစ်ကောင်စီတပ်ဖွဲ့) တွေက လမ်းပေါ် ရမ်းသမ်းပစ်တာ လမ်းသွားလမ်းလာတွေလည်း အဲဒီဘက် မသွားရဲတော့ဘူး၊ ည ၇ နာရီခွဲလောက်အထိ ဆဲလိုက်ဆိုလိုက်နဲ့ရမ်းကားနေတာ၊ နောက်တော့ အိမ်ထဲနေတဲ့ကလေးဆီ ကျည်ဆန်ရောက်သွားတာပဲ” ဟု အောင်သာယာ ရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွါးလျက်ရှိရာ မြို့တော်စည်ပင်ရုံးအတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ယနေ့ ဒီဇင်ဘာလ ၇ ရက် နံနက်တွင် ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Mandalay Phoenix Force က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required