NLD နာယကဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လာရောက်တွေ့ဆုံ

NLD နာယကဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လာရောက်တွေ့ဆုံ

ဒီဇင်ဘာ ၅

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယကလည်းဖြစ်ကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဦးတင်ဦးကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံကာ "ကန်တော့" သွားခဲ့သည်ဟု ဦးတင်ဦးနှင့်နီးစပ်သူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

" နာရီဝက်လောက်ကြာတယ်။ကန်တော့သွားတယ်။ အဓိက ကျန်းမာရေးအကြောင်းမေးသွားတယ်။ လိုအပ်ရင် စစ်ဆေးရုံမှာလည်း တက်ရောက်ကုသနိုင်တယ်ဆိုပြီးပြောသွားတယ်။ ဘဘကလည်း လေသံတိုးတိုးနဲ့ပြန်ပြောပါတယ်။ လက်ထောင်ပြတယ်။ ဒါလောက်ပဲ။ နိုင်ငံရေးအကြောင်းတော့ ဘာမှမပြောသွားဘူး" ဟု ၎င်းကပြောသည်။

နံနက် ၁၀ နာရီခန့်တွင် ရွှေတောင်ကြား (၂) ရပ်ကွက်ရှိ ဦးတင်ဦး၏ နေအိမ်သို့ စစ်အာဏာသိမ်းခေါင်းဆောင်နှင့်အတူ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်း စစ်တိုင်းမှုးတို့အပြင် အခြားဝန်ကြီးများလည်း ပါဝင်သည်ဟု သိရသည်။

အသက် ၉၄ နှစ်အရွယ် ဦးတင်ဦး၏ ကျန်းမာရေးမှာ ကောင်းမွန်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေး စစ်ဆေးလျက်ရှိကြောင်း ၄င်းကဆိုသည်။

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်မှာ အရပ်ဝတ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး ၄င်းမရောက်ရှိမီတွင် ဦးတင်ဦး၏ နေအိမ်တွင် လုံခြုံရေးအများအပြားရယူခဲ့သည်။

ယနေ့နံနက်ပိုင်းတွင်ပင် ကြည့်မြင့်တိုင် ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို စစ်ကောင်စီတပ်က ကားဖြင့်ဝင်တိုက်ရာ ဆန္ဒပြသူများအနက် ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required