ပါကစ္စတန်မှာ ဘာသာရေးစော်ကားတယ်လို့ စွပ်စွဲပြီး သီရိလင်္ကာစက်ရုံမန်နေဂျာကို လူအုပ်ကြီးက သတ်ဖြတ်မှုဖြစ်ပြီးနောက် လူ ၁၀၀ ကျော်ကို ဖမ်းဆီးထား

ပါကစ္စတန်မှာ ဘာသာရေးစော်ကားတယ်လို့ စွပ်စွဲပြီး သီရိလင်္ကာစက်ရုံမန်နေဂျာကို လူအုပ်ကြီးက သတ်ဖြတ်မှုဖြစ်ပြီးနောက် လူ ၁၀၀ ကျော်ကို ဖမ်းဆီးထား
Photo - AFP

ဒီဇင်ဘာ ၅

ပါကစ္စတန်နိုင်ငံမှာ သီရိလင်္ကာနိုင်ငံသား စက်ရုံမန်နေဂျာတစ်ဦးကို ဘာသာရေးစော်ကားမှု စွပ်စွဲချက်နဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်မီးရှို့ခဲ့မှုဖြစ်စဉ်တစ်ခု ဖြစ်ပြီးနောက် ယခုအခါမှာ လူပေါင်း ၁၂၀ ဦးအထိကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒီ တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် အများပြည်သူအကြား နာကြည်းထိတ်လန့်မှုကို ဖြစ်စေခဲ့ပြီး ဒါဟာ "ပါကစ္စတန်အတွက် အရှက်စရာ နေ့တစ်နေ့" ဖြစ်ခဲ့တယ်လို့ ဝန်ကြီးချုပ် အီမရန်ခန်းက ပြောခဲ့ပါတယ်။

ယင်းဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က မြို့တော် အစ္စလမ်မာဘတ်ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) ခန့်ရှိ ပန်ဂျပ်ပြည်နယ် ဆီယယ်လ်ကော့တ် ခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

"အသတ်ခံရတဲ့ စက်ရုံမန်နေဂျာဟာ ဘာသာရေးပိုစတာတစ်ခုကို ဆုတ်ဖြဲပြီး အမှိုက်ပုံးထဲ ပစ်ခဲ့တယ် ဆိုတဲ့ ကောလာဟလ စက်ရုံထဲမှာ ပျံ့နှံ့ခဲ့ပါတယ်" လို့ ယင်းဧရိယာမှာ ရှိတဲ့ ရဲတစ်ဦးဖြစ်တဲ့ ဇူလ်ဖီကာ အလီက အေအက်ဖ်ပီကို ပြောပါတယ်။

ယခုအခါမှာ ယင်းဖြစ်စဉ်နဲ့ပတ်သက်လို့ ကျူးလွန်သူအဖြစ် အဓိက စွပ်စွဲခံထားရသူတစ်ဦးအပါအဝင် လူပေါင်း ၁၂၀ အထိကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခါရမ် ရှီဇက်ဒ်က ပြောပါတယ်။

ဘာသာရေး သဟဇာတဖြစ်ရေးဆိုင်ရာ ဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဖြစ်သလို ဘာသာရေးပညာရှင်တစ်ဦးဖြစ်တဲ့ တာဟီအာ အက်ရှ်ရာဖီက ဒီ ဖမ်းဆီးမှုကိစ္စကို အတည်ပြုခဲ့သလို စက်ရုံ ဝန်ထမ်းတွေဟာ ၎င်းတို့ရဲ့ မန်နေဂျာဖြစ်သူက "အရမ်းကို စည်းကမ်းတင်းကျပ်လွန်းတယ်" ဆိုပြီး တိုင်ကြားမှုတွေ ရှိခဲ့တယ်လို့လည်း အေအက်ဖ်ပီကို ပြောပါတယ်။

"ရဲအရာရှိတွေက ဒီဖြစ်စဉ်ကို ရှုထောင့်ပေါင်းစုံကနေ စုံစမ်းစစ်ဆေးနေပါတယ်၊ စက်ရုံလုပ်သားတချို့က မန်နေဂျာကို လက်စားချေဖို့ ဘာသာရေးဖဲချပ်ကို ကစားခဲ့သလား ဆိုတာကိုလည်း စစ်ဆေးနေပါတယ်" လို့ အက်ရှ်ရာဖီက ပြောခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စီးနင်းဖမ်းဆီးမှုတွေဆက်ရှိနေတယ်လို့ ရှီဇက်ဒ်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly