ချင်းပြည်သူများ တတိယနိုင်ငံ ခိုလှုံရေး မကြိုးစားကြရန် CNF တိုက်တွန်း

ချင်းပြည်သူများ တတိယနိုင်ငံ ခိုလှုံရေး မကြိုးစားကြရန် CNF တိုက်တွန်း

ဒီဇင်ဘာ ၄

ချင်းပြည်နယ်ကို စွန့်ခွာ၍ တတိယနိုင်ငံ ခိုလှုံရေး မကြိုးစားကြရန် ချင်းအမျိုးသားတပ်ဦး (CNF) က ယနေ့ ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန် အသိပေးလိုက်သည်။

ယခုကာလသည် ချင်းပြည်သူ တစ်ရပ်လုံးက စစ်ကောင်စီအား လက်နက်ကိုင် ခုခံနေသည့် နိုင်ငံရေး အကျပ်တည်းဆုံးသော အမျိုးသားအရေးပေါ်ကာလ (National Emergency) ဖြစ်နေခြင်းကြောင့် တတိယ နိုင်ငံများတွင် ခိုလှုံရေးအတွက် စည်းရုံး လှုံ့ဆော်ခြင်းများ မပြုလုပ်ရန် သက်ဆိုင်သူများ အားလုံးကို အသိပေးကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“ကျနော်တို့ရဲ့ ကြေညာချက်က အချိန်ရယ်၊ နေရာရယ် အကန့်အသတ် ရှိပါတယ်။ အခုအချိန်က အမျိုးသား အရေးပေါ်ကာလ အချိန် သတ်မှတ်ထားတာရယ်၊ ပြည်တွင်းမှာရှိတဲ့ ချင်းပြည်သူများကို ရည်ရွယ်တာပါ။ အဲဒီအထဲမှာတောင်မှ ပညာတော်သင်ဆုနဲ့ ပညာသင်ကြားမဲ့ လူ၊ တကယ့် အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေ၊ စစ်ဘေးရှောင်တွေ အကျုံးမဝင်ပါဘူး ” ဟု ချင်းအမျိုးသား တပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ထက်နီ က ပြောသည်။

တတိယနိုင်ငံ ရောက်ပြီးသော ချင်းပြည်သူများက ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့များ (CDF)တို့ကို တတ်နိုင်သလောက် ကြိုးစား ကူညီနေမှုအား အသိမှတ်ပြု မှတ်တမ်းတင်ကြောင်းလည်း ၎င်းက ဆိုသည်။

ယခု ထုတ်ပြန်မှုသည် ရည်ရွယ်ချက်ရှိရှိဖြင့် ပြည်တွင်းမှ ထွက်ခွာ၍ တတိယနိုင်ငံတွင် အခြေချ နိုင်ရန် ကြိုးပမ်း လုပ်ဆောင်နေသူ မျာအား သတိပေးလိုခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်ကို အင်အား အလုံးအရင်းဖြင့် ထိုးစစ် ဆင်လာကာ ချင်းပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်း ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ ကျူး လွန်ခြင်း၊ ခရစ်ယာန် ဘုရားကျောင်းများအပါဝင် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၊ စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုန်း သတ်ဖြတ်မှုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းအမျိုးသားတပ်ဉီးသည် စစ်ကောင်စီအား ဖြုတ်ချ၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ ညီနောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်တွဲပြီး တော်လှန်ရေးကို ဆင်နွဲလျက် ရှိကြောင်းနှင့် ချင်းပြည်သူ ၂၀ ရာခိုင်နှုန်းသည်လည်း လက်ရှိတွင် စစ်ဘေးကြောင့် လူမှုဘေးဒဏ်ကို ခံနေရကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required