ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး

ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ နီးပဒန်းကျေးရွာတွင် စစ်ကောင်စီသတင်းပေးဆိုသူ ဦးကျော်ဆန်းဝင်းအား ယမန်‌နေ့ ဒီဇင်ဘာလ ၃ ရက် နေ့လယ် ၂ နာရီ ၅၅ မိနစ်အချိန်တွင် ၎င်း၏နေအိမ်၌ သေနတ်ဖြင့် ၁၄ ချက် ပစ်ခတ်ခဲ့ကြောင်း အမည်မဖော်လိုသည့် ဒေသခံပြောက်ကျားတပ်ဖွဲ့က တာ၀န်ရှိသူကပြောသည်။

"သူက ပျိုးခင်းပျိုးထားတဲ့နေရာတွေကို ဓားတစ်ချောင်းနဲ့လိုက်ရှာပြီး ဝါယာကြိုးတွေ ပျက်အောင်လုပ်တယ်ပေါ့နော်။ ပျိုးခင်းဆိုတာ မိုင်းထောင်ထားတဲ့နေရာပေါ့။ သူက လိုက်ပြတာတောင် မဟုတ်ဘူး။ စစ်ကောင်စီကို သူကတိုင်လည်းတိုင်တယ် ။ သူကိုယ်တိုင်လည်းလိုက်ရှာတယ်။ ဟိုကောင်တွေက လိုက်မရှာဘဲ သူ့ကို ရှာခိုင်းတဲ့ပုံစံမျိုးပေါ့။ အဲ့ဒါကြောင့် ပစ်သတ်လိုက်တာပါ"ဟု ၎င်းက ပြောသည်။

ဦးကျော်ဆန်းဝင်း၏ ဦးခေါင်းကို ငါးချက်၊ ရင်ဘတ်ကို ကိုးချက် ကျည်ထိမှန်ခဲ့ပြီး နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အမည်အဖော်လိုသည့် ပြောက်ကျားတပ်ဖွဲ့၀င်တစ်ဦးထံမှ သိရသည်။

ယမန်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်ကလည်း ပုသိမ်- မုံရွာကားလမ်းပေါ်တွင် ဆားလင်းကြီးဘက်သို့ ဦးတည်လာသော ဆီဘောက်ဆာကားတစ်စီးကို မိုင်းနှစ်လုံးဆွဲတိုက်ခိုက်ခဲ့သေးသည်။

"သူတို့က ကျွန်တော်တို့ တားမြစ်ထားတဲ့ကြားက အဲ့ဒီ့လမ်းကဖြတ်လာတာ။ စစ်ကောင်စီနဲ့ပူးပါင်းလုပ်ဆောင်မှုမှန်သမျှကို ဒီကားလမ်းကမဖြတ်ဖို့သတိပေးထားတယ်။ အဲ့ဒါကိုဖြတ်လာလို့ သတိပေးတဲ့အနေနဲ့ မိုင်းနှစ်လုံးဆွဲပြီး တိုက်ခိုက်ခဲ့တယ်။ ထိခိုက်မှုတော့ အရမ်းမရှိဘူး။ သတိပေးတာဆိုတော့ ကားကတော့ ပြန်ထွက်သွားတယ်"ဟု အဆိုပါအဖွဲ့ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required