လှိုင်သာယာ ဆန္ဒပြသူများကို ချောင်ပိတ်ကာ လူအစုပြုံလိုက် သတ်ဖြတ်မှု စစ်ကောင်စီ ကျူးလွန်ခဲ့ဟု HRW ပြော 

လှိုင်သာယာ ဆန္ဒပြသူများကို ချောင်ပိတ်ကာ လူအစုပြုံလိုက် သတ်ဖြတ်မှု စစ်ကောင်စီ ကျူးလွန်ခဲ့ဟု HRW ပြော 
A protester holds onto the shirt of a fallen comrade during a crackdown by security forces on demonstrations against the military coup in Hlaing Tharyar township in Yangon on March 14. (Photo: AFP)

ဒီဇင်ဘာ ၄

မြန်မာလုံခြုံရေးတပ်များသည် ဆန္ဒပြသူများကို ရည်ရွယ်ချက်ရှိရှိ သေလောက်သော အင်အား သုံးခြင်းကြောင့် ဆန္ဒပြသူနှင့် ဘေးမှာ ရှိနေသူပေါင်း အနည်းဆုံး ၆၅ ဦး သေဆုံးခဲ့ရသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က အစီရင်ခံစာတစ်ရပ်၌ ဆိုသည်။ 

ရန်ကုန်မြို့က အကြီးဆုံးမြို့နယ် လှိုင်သာယာ၌ မတ် ၁၄ ရက် ဆန္ဒပြပွဲ၏ ဗီဒီယိုနှင့် ဓာတ်ပုံများကို HRW စုစည်းဆန်းစစ်ခဲ့သကဲ့သို့ မျက်မြင်ခြောက်ဦးကိုလည်း မေးမြန်းစိစစ်ခဲ့သည်။ ရဲနှင့် စစ်သားများက ဆန္ဒပြသူများအား ဝိုင်းပတ်ပိတ်ဆို့ပြီးမှ ပစ်ခတ်ခြင်းဖြစ်သည်ဟု အဆိုပါ မျက်မြင်များက ပြောကြသည်။ 

စက်မှုမြို့နယ်လှိုင်သာယာ၌ အသေအဆုံးများသော ပစ်ခတ်သတ်ဖြတ်မှုသည် ပို၍ သိသာပေါ်လွင်နေသည်မှာ လူအများအပြား သေဆုံးရခြင်းနှင့် လုံခြုံရေးတပ်များက သေလောက်သောအင်အားကို ကြိုတင်ကြံရွယ်ချက်ရှိရှိဖြင့် သုံးစွဲခြင်းများကြောင့်ပဲ ဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာ၌ ဆိုထားသည်။ 

“မတ်လလယ်လောက် ရန်ကုန်မြို့ပြင်မှာ မြန်မာလုံခြုံရေးတပ်တွေရဲ့ လူဒါဇင်များစွာကို အစုပြုံလိုက် သတ်ဖြတ်တာဟာ အဓိကရုဏ်း ထိန်းချုပ်ရေး ဘောင်ထက်ကျော်လွန်နေတယ်”ဟု HRW မှ သုတေသီတစ်ဦးဖြစ်သည့် မန်နီမောင်က ပြောသည်။ ထို သတ်ဖြတ်မှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်သည်ဟု HRW က ပြောဆိုထားသည်။ 

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု၌ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသော အစိုးရကို ဖြတ်ချခဲ့ခြင်းကြောင့် ရန်ကုန်နှင့် အခြားမြို့များတွင် ဆန္ဒပြမှုများ များစွာဖြစ်ပွားပေါ်ပေါက်ခဲ့သည်။ 

မတ် ၁၄ ရက် နံနက် ၁၀ ခန့်တွင် စစ်သားနှင့် ရဲ အင်အား ၂၀၀ နီးပါးက လှိုင်သာယာသို့ တပ်ချလာခဲ့ပြီး လမ်းရှောင်လွှဲများကို အတားအဆီးချလာ၍ ဆန္ဒပြသူများ နောက်ကြောင်းပြန်ခြင်းနှင့် လူစုခွဲခြင်းများ ဖြစ်ခဲ့ရသညဟု HRW က ဆိုသည်။ 

နံနက် ၁၁ နာရီခန့်တွင် လုံခြုံရေးတပ်များက အရှေ့၊ အနောက် ပိတ်ဆို့၍ ဆန္ဒပြသူများ ချောင်ပိတ်မိသည်ဟု မျက်မြင်များက HRW သို့ ပြောသည်။ 

ဆန္ဒပြသူများကို မပစ်ခတ်မီ၌ ကြိုတင်သတိပေးခဲ့သည်ဟု လုံခြုံရေးတပ်များက အတည်ပြုဆိုကြသော်လည်း ကြိုတင်သတိပေးချက်ကို ကြားရခြင်းမရှိဟု မျက်မြင်များစွာက ပြောသည်။ 

ဗီဒီယိုတစ်ခု၌ ရန်ကုန်နှင့် လှိုင်သာယာကို ဆက်သွယ်ထားသော အောင်ဇေယျတံတားပေါ် နေ့လယ် ၁ နာရီတွင် ရဲနှင့် စစ်သားများ စုရုံးလာသည်ကို မြင်တွေ့ရသည်။ အောက်ဖက်လမ်းများရှိ ဆန္ဒပြသူများက လုံခြုံရေးတပ်များက ကြည့်ရှုနေကြပြီး ဘယ်အချိန်၊ ဘယ်သူတို့ကို ပစ်မလဲဆိုသည့် ဆွေးနွေးနေကြသံကိုလည်း ကြားရသည်။ 

“ခေါင်းတွေပဲ ပစ်ကြ”ဟု ကင်မရာမြင်ကွင်းမှာ မပေါ်သူတစ်ဦး ပြောသံနှင့် ရဲနှစ်ဦးက ရိုင်ဖယ်ဖြင့် ဆန္ဒပြသူများကို ချိန်ရွယ်သည့် မြင်ကွင်းကိုလည်း တွေ့ရသည်။ သေနတ်သံများ ကြားပြီးနောက် ထိုအသံရှင်ကပင် “ပစ်၊ ပစ်၊ ပစ်” ဟု အော်သံကိုပါ ကြားရသည်။ 

ဒဏ်ရာရသူများထံ သွားရောက်နိုင်ရေး ကြိုးစားကြသူများကိုပါ လုံခြုံရေးတပ်များက ပစ်ခတ်သည်ဟု မျက်မြင် ခြောက်ဦးစလုံးက HRW သို့ အတည်ပြုဆိုသည်။ 

“ကျွန်တော်တို့ ဒဏ်ရာရသူတွေကို မကူညီနိုင်ဘူး၊ ကျွန်တော်တို့ ကူညီဖို့ ကြိုးစားရင် သူတို့က ကျွန်တော်တို့ကို ပစ်နေတာကြောင့်ပါ”ဟု မျက်မြင်တစ်ဦးက ဆိုသည်။ “ဒဏ်ရာရသူတွေဆီ ကျွန်တော်တို့ မရောက်နိုင်ခဲ့ဘူး၊ သူတို့တွေ သေဆုံးကြတယ်၊ တစ်ချို့က ကျွန်တော်တို့ဆီက အကူအညီရဖို့ ကြိုးစားပေမယ့် ခေါင်းကို အပစ်ခံရပြီး သေဆုံးတယ်”ဟု ၎င်းက ဆိုသည်။ 

အာဏာသိမ်းချိန်မှနောက်ပိုင်း မြန်မာလုံခြုံရေးတပ်များသည် ဆန္ဒပြသူနှင့် ဘေးမှာရှိနေသူပေါင်း ၁၂၀၀ ကျော်ထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး သတ်ဖြတ်ညှင်းပန်းနှိပ်စက်မှုများနှင့် လူသားအမျိုးအနွယ်အပေါ် ကျူးလွန်ရာမြောက်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေသည်ဟု HRW က ဆိုသည်။ 

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားဆဲ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားမျိုးနွယ်ပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် လက်အောက် စစ်အုပ်စုခေါင်းဆောင်မှုနှင့် စစ်တပ်တို့ကို ထပ်တိုးဖြစ်ပြီး ခိုင်မာအားကောင်းကာ ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများ တုံ့ပြန်သွားရန် ကုလသမဂ္ဂ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် အစိုးရများကို HRW က တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required