စစ်ကောင်စီက မကွေးတိုင်းရွာများတွင် ပေါ်တာတောင်း

By သတင်းနှင့် မီဒီယာ ကွန်ရက်။
03 December 2021
စစ်ကောင်စီက မကွေးတိုင်းရွာများတွင် ပေါ်တာတောင်း

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်။

မကွေးတိုင်းအတွင်း ‌ကျေးရွာအချို့တွင် စစ်ကောင်စီက စစ်မြေပြင်ထောက်ပံ့ရေးအတွက် (ပေါ်တာထမ်းရန်) အတင်းအဓမ္မ လူတောင်းနေသဖြင့် ဒေသခံများ စိုးရိမ်နေသည်။

သရက်ခရိုင်၊ ကံမမြို့နယ်အတွင်း ကျေးရွာများတွင် အိမ်ခြေအနည်းအများ၊ လူအင်အား အနည်းအများအပေါ်၍ ကျေးရွာတစ်ရွာလျှင် ငါး ယောက်မှ အယောက် ၂၀ အထိ‌ပေးရမည်ဟု ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖိအားပေးတောင်းခံနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

”ရှေ့တန်းထောက်ပို့အတွက် သုံးဖို့လို့ပြောတယ်။ လူသားဒိုင်းလိုမျိုး ဖြစ်သွားမှာစိုးလို့ ဘယ်သူမှ မလိုက်ချင်ကြလို့ အခုအုပ်ချုပ်ရေးမှူးတွေ အကြပ်ရိုက်နေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျေးရွာအချို့တွင် ထောက်ပို့အတွက် လူအင်အားပေးရန် မဲနှိုက်ပြီးရွေးချယ်သွားမည့် အစီအစဉ်ကို ကျင့်သုံးမည် ဆိုသဖြင့် ရှေ့တန်းလိုက်ရမည်ကို ဒေသခံရွာသားများက စိုးရိမ်နေကြသည်။

”ရွာမှာ ဒီနေ့မဲနှိက်ဖို့ အစည်းအဝေးခေါ်တယ်ကြားတယ်။ ဘယ်သူမှ မနှိုက်ချင်ဘူး။ ဘယ်လိုဆက်ဖြစ်မယ် မသိဘူး။ ကျနော်တော့ ရှောင်ထွက်လာခဲ့တာ” ဟု အဓမ္မစုဆောင်းခံနေရသည့် ကံမမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှ ရွာသားတစ်ဦးက ပြောသည်။

ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ ကံမမြို့သည် စစ်ကောင်စီနှင့် PDF တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေသည့် မကွေးတိုင်း၊ ချင်းပြည်နယ်တို့နှင့် နယ်မြေအနေအထားရ ချိတ်ဆက်နေသည့် မြို့ဖြစ်သည်။

ထို့ကြောင့် ရွာသားများက ၎င်းတို့ကို လူသားဒိုင်းအဖြစ်အသုံးပြုခံရမှာ၊ ထောက်ပို့အဖြစ်လိုက်ရမည့် အခြေအနေ များကို စိုးရိမ်နေကြခြင်းဖြစ်သည်။

ထို့အပြင် ပစ်ခတ်တိုက်ခိုက်မှုများမရှိသည့် နယ်မြို့ငယ်လေးဖြစ်သည့် ကံမမြို့သည် သာရေးနာရေးကိစ္စရပ်များ အတွက် ခရီးသွားလာကြရာတွင်လည်း ဆိုင်ကယ်ကိုသာ အဓိက အားထားအသုံးပြုနေရပြီး ဆိုင်ကယ်တွင် အမျိုးသားနှစ်ဦး မစီးရ ဥပဒေကို မြို့နယ်ထွေအုပ်ရုံးမှ ဒီဇင်ဘာလ ၁ရက် ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ထားသည်ဟုလည်း သိရသည်။

အဆိုပါ အမိန့်ထုတ်ပြန်ချက်ကြောင့် ရွာသားများ ဖမ်းဆီးခံရပါကလည်း ၎င်းတို့ကို အကျယ်ချုပ်ပုံစံမျိုးထားပြီး စစ်မြေပြင်ထောက်ပံ့ရေးရအောင် အဓမ္မစုဆောင်းလာနိုင်သည့် အနေအထားများကြောင့် စိုးရိမ်ထိတ်လန့်နေကြ သည်ဟု ဒေသခံရွာသားများက ဆိုသည်။

ကံမမြို့နယ်၏ ကျေးရွာအုပ်စုနှင့် လူဦးရေအချက်အလက် စာရင်းများအရ မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ဦး၊ မြို့နယ် ရုံး တစ်ရုံး၊ ရပ်ကွက်ရုံး လေးရုံး၊ ကျေးရွာအုပ်စုရုံး ၅၂ ရုံးရှိပြီး ယခု ထောက်ပို့အတွက် လူအင်အားဆင့်ခေါ်ခံရသည့် ကျေးရွာမှာ ရွာပေါင်း ငါး ရွာခန့်ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကံမမြို့သည့် သရက်ခရိုင် မကွေးတိုင်းဒေသကြီးအတွင်းတွင် ရှိပြီး စီးပွားရေးအရ ဒေသတွင်းက စိုက်ပျိုးရေး လုပ်ငန်းသည် အဓိကဖြစ်ပြီး စပါး၊ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံစိုက်ပျိုးကြသည်။

စိုက်ပျိုးရေးလုပ်ငန်းမှာ ထွက်လာသည့် ဒေသထွက် ဆန်စပါးကို ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့၊ သရက် ခရိုင်၊ သရက်မြို့နှင့် မင်းတုန်းမြို့များသို့ တင်ပို့ရောင်းချကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required