စစ်ကောင်စီ လက်ချက်ကြောင့် တနင်္သာရီတိုင်းအတွင်း သေဆုံးသူ ပြည်သူ ၅၃ ဦးရှိပြီ

By သတင်းနှင့် မီဒီယာ ကွန်ရက်။
03 December 2021
စစ်ကောင်စီ လက်ချက်ကြောင့် တနင်္သာရီတိုင်းအတွင်း သေဆုံးသူ ပြည်သူ ၅၃ ဦးရှိပြီ

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်။

တနင်္သာရီတိုင်းအတွင်း ဖေဖော်ဝါရီလမှ နိုဝင်ဘာလကုန်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ ပြည်သူ ၅၃ ဦး ရှိပြီဟု တနင်္သာရီ ပျားကလေး အဖွဲ့ Bee Tenasserim က ပြောသည်။

Bee Tanasserim အဖွဲ့မှ ပြုစုထားသည့် အချက်အလက် စာရင်းများအရ တနင်္သာရီတိုင်းအတွင်း ဖေဖော်ဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ဆယ်လတာ ကာလအတွင်း အမျိုးသား ၄၈ ဦးနှင့် အမျိုးသမီး ၅ ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

Bee Tanasserim အဖွဲ့ တာဝန်ရှိသူ တစ်ဦးက “မတရားအဖမ်းဆီးခံရတာတို့ ပစ်ခတ်ခံရပြီး အသက်သေဆုံးခဲ့တာ တို့ကို အဖွဲ့ကို ဆက်သွယ်ပြီး အကူအညီတောင်းလို့ရပါတယ်။ ဒါမှစာရင်းမှန်ရမှာဖြစ်ပြီး ကူနိုင်သမျှလည်း ကူညီပေးလို့ရမှာပါ” ဟု ပြောသည်။

ကောက်ခံရရှိသည့် စာရင်းများအရ သေဆုံးခဲ့သူများမှာ ထားဝယ်ခရိုင်တွင် ၂၉ ဦး၊ မြိတ်ခရိုင် ၁၃ ဦးနှင့် ကော့ သောင်းခရိုင်တွင် ၁၁ ဦးဖြစ်ပြီး စုစုပေါင်း ၅၃ ဦး ရှိသည်ဟု Bee Tanasserim အဖွဲ့၏ အချက်အလက်များ အရ သိရသည်။

တနင်္သာရီတိုင်းဒေသအတွင်း အသက်သေဆုံးခဲ့ရသူများနှင့် မတရားဖမ်းဆီးခံရသူများ၏ စာရင်းများကို ပိုမို ထိ ရောက်စွာ စာရင်းပြုစု၍ မှတ်တမ်းတင်ထားနိုင်ရန်နှင့် ရရှိလာသော အချက်အလက်များအား ပြည်သူလူထုထံ ပြန်လည်မျှဝေတင်ပြပြီး အကူအညီပေးနိုင်သူများနှင့် ချိတ်ဆက်ပေးနိုင်ရန်အတွက် အဖွဲ့အစည်းကို ယခုကဲ့သို့ ဖွဲ့စည်းထားပြီး စာရင်းများပြုစုကောက်ခံနေရခြင်း ဖြစ်သည်ဟု Bee Tanasserim အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် Bee Tanasserim (ပျားလေး) အဖွဲ့ကို ထားဝယ်နည်းပညာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (DTUSU) က ဦးဆောင်ပြီး တက္ကသိုလ်ကျောင်းသားလူငယ်များမှ ပါဝင်အားဖြည့်ထားသည်။

တနင်္သာရီတိုင်းအတွင်း သေဆုံးခဲ့သည့် ပြည်သူများ၏ စာရင်းကို ရရှိသမျှ ပြုစုထားခြင်း ဖြစ်ကာ သေဆုံးသူများ က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့နှင့် ၎င်းတို့၏လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့ထံမှသိရသည်။

သို့သော် မြေပြင်စာရင်းအားလုံး ကောက်ယူရရှိမည်ဆိုပါက လက်ရှိကောက်ယူရရှိသည့် အရေအတွက် စာရင်း ထက်လည်း ပိုများနိုင်သည်ဟု Bee Tanasserim အဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်ပြီး ကျဆုံးခဲ့သည့် PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးရှိခဲ့ကာ အခြားသေဆုံးသူများထဲတွင် သပိတ်စစ်ကြောင်းများတွင် ပစ်သတ်ခံရပြီး သေဆုံးခဲ့ရသူများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့် စစ်ကြောင်းများထိုးစဉ် အကြောင်းမဲ့ ပစ်သတ်မှုကြောင့် သေဆုံးအချို့ လည်း ပါဝင်သည်။

ထို့အပြင် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးရင်း ပစ်သတ်မှု၊ စစ်ကြောရေးတွင် နှိပ်စက်မှုများကြောင့် သေဆုံး ခဲ့သူများရှိခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး၊ ပြည်သူ့စစ်များ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံး ခဲ့သူများလည်း ရှိသည်ဟု Bee Tanasserim (ပျားလေး) အဖွဲ့၏ စာရင်းမှတ်တမ်းများနှင့် တာဝန်ရှိသူများ၏ ပြော ပြချက်များအရ သိရသည်။

ဓါတ်ပုံ - မြိတ်မြို့ ထားဝယ်ကမ်းရပ်တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြည်သူတစ်ဦးဖမ်းဆီးခံရသည့်ပုံ။ (ပုံဟောင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly