မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့ရှိရာ နေရာ ၃ ခု တိုက်ခိုက်ခံရ၊ အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရမှုတွင် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ကြပ် ပြင်းထန်ဒဏ်ရာရ

မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့ရှိရာ နေရာ ၃ ခု တိုက်ခိုက်ခံရ၊ အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရမှုတွင် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ကြပ် ပြင်းထန်ဒဏ်ရာရ

နိုဝင်ဘာ ၃၀

မန္တလေးမြို့၌ ယနေ့ နိုဝင်ဘာလ ၃၀ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ရှိရာနေရာ သုံးနေရာ တိုက်ခိုက်ခံခဲ့ရပြီး အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရမှုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ် ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၉ နာရီ ဝန်းကျင်တွင် မန္တလေးမြို့အထွက် ပုသိမ်ကြီးမြို့နယ် မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးရှိ တန်ပိုဂိတ် ဗုံးခွဲတိုက်ခိုက်ခံရမှု၊ နံနက် ၁၁ နာရီ ဝန်းကျင်တွင် ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရမှု နှင့် ညနေ ၆ နာရီကျော်ခန့်တွင် အောင်မြေသာစံမြို့နယ် အမှတ်(၁)ရဲစခန်းရှေ့ ဗုံးခွဲတိုက်ခိုက်ခံရမှုတို့ ဖြစ်ပွားခဲ့သည်။

“သေနတ်သမားတွေက ရုံးထဲအထိဝင်ပြီး အတိုနဲ့ပစ်သွားတာ။ လေး၊ ငါး၊ ဆယ်ချက်လောက်ရှိမယ်။ ရွာလူကြီးနဲ့ ရဲတပ်ကြပ်တစ်ယောက် တော်တော်ထိထား တယ်။ ဒဏ်ရာအတော် ပြင်းတယ်။ သေလောက်တယ်လို့လည်း ပြောနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်သမားနှစ်ဦးက ကျောက်မီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ပစ္စတိုသေနတ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အသက် ၆၀ အရွယ်ဝန်းကျင်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေနှင့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ ခန္ဓာကိုယ် အလယ်ပိုင်းတွင် အပြင်းအထန် ဒဏ်ရာများရခဲ့ကြောင်း ၎င်းကပြောသည်။

တန်ပိုဂိတ် ဗုံးခွဲတိုက်ခိုက်ခံရမှုနှင့် အမှတ်(၁)ရဲစခန်းရှေ့ ဗုံးပေါက်ကွဲဖြစ်စဉ်တို့တွင် လူအထိအခိုက်မရှိကြောင်း လက်ရှိရရှိထားသည့် သတင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly