NUG မှတဆင့် မြန်မာပြည်သူများထံ အကူအညီများပေးရေး နိုင်ငံတကာအသိုင်းအဝိုင်းကို SAC-M တိုက်တွန်း

NUG မှတဆင့် မြန်မာပြည်သူများထံ အကူအညီများပေးရေး နိုင်ငံတကာအသိုင်းအဝိုင်းကို SAC-M တိုက်တွန်း
SAC-M official photo

နိုဝင်ဘာ ၂၆

မြန်မာနိုင်ငံတွင် ပြည်သူတချို့ ဆာလောင်ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရသည့် အခြေအနေများ ရှိနေစဉ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချိတ်ဆက်ပြီး မြန်မာပြည်သူများကို အကူအညီများ ထောက်ပံ့ပေးအပ်ရန်လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က တိုက်တွန်းခဲ့သည်။

NUG ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုရန် နိုင်ငံတကာအသိုင်းအဝိုင်းဘက်က တုံ့ဆိုင်းကြန့်ကြာနေခြင်း၏ ရလဒ်တစ်ခုအဖြစ် နိုင်ငံတကာအစည်းအဝေးများတွင် မြန်မာ ကိုယ်စားပြုမှု မရှိဘဲ ဖြစ်နေခဲ့ကြောင်း SAC-M က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောဆိုသည်။

မြန်မာပြည်သူများကို ထောက်ပံ့ကူညီရန် လုပ်ဆောင်နေသည့် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့ထားသည့် လွတ်လပ်သော အဖွဲ့တစ်ခုဖြစ်သည့် SAC-M က ပြောကြားရာတွင် မြန်မာနိုင်ငံ၏ စစ်မှန်သော ကိုယ်စားလှယ်များနှင့် တရားဝင် ချိတ်ဆက်ပတ်သက်မှု မရှိခြင်းက အာဏာသိမ်းစစ်အုပ်စုကြောင့် ဖြစ်စေခဲ့သည့် အကျပ်အတည်းများအပေါ် အရေးတကြီး တုံ့ပြန်ရန် လိုအပ်သည့် နိုင်ငံတကာ တုံ့ပြန်မှုများကို တန့်အီစေလျက် ရှိကြောင်း SAC-M က ပြောသည်။

"မြန်မာနိုင်ငံအတွက် ထိရောက်ပြီး သင့်တော်တဲ့ နိုင်ငံတကာ အကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ်၊ အာဏာသိမ်းစစ်တပ်ဟာ မြန်မာနိုင်ငံမှာ ဆင်းရဲ၊ ဒုက္ခတွေကို ဖြစ်စေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်၊ အဲဒါက ဖြေရှင်းချက် အဖြေတစ်ခု မဟုတ်ပါဘူး" ဟု SAC-M က ပြောသည်။

"နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ NUG ကို တရားဝင် အသိအမှတ်ပြုရပါလိမ့်မယ်၊ ပြီးတော့ အရေးတကြီးဖြစ်ပြီး တချိန်တည်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးနဲ့ စီးပွားရေးအကျပ်အတည်းတွေအပေါ် ရှေ့နောက်ညီညွတ်တဲ့ နိုင်ငံတကာ တုံ့ပြန်မှုတစ်ခုကို ဖြစ်စေဖို့ NUG နဲ့ လက်တွဲ ချိတ်ဆက်လုပ်ဆောင်ရပါလိမ့်မယ်" ဟု SAC-M က ပြောခဲ့သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် NUG နှင့်အကြား တရားဝင် လုပ်ဆောင်နိုင်သလို ၊ လုပ်လည်းလုပ်ဆောင်သင့်ကြောင်းနှင့် နယ်စပ်များကနေ ဖြတ်ပြီး နိုင်ငံထဲ အကူအညီများ ရောက်ရှိစေပြီး လိုအပ်နေသူများထံ ပေးပို့နိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း SAC-M ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ခရစ် ဆီဒိုတီက ပြောခဲ့သည်။

မြန်မာနိုင်ငံတဝန်းတွင် အာဏာသိမ်းစစ်တပ်က လမ်းများကို ဝင်ထွက်မှု ပိတ်ပင်ခြင်း၊ လူအစုအဖွဲ့များ၏ အစားအသောက်နှင့် ဆေးဘက်ပစ္စည်းများကို ဖြတ်တောက်ခြင်း၊ အစားအစာသိုလှောင်မှုများကို မီးရှို့ခြင်းနှင့် ကျွဲနွားတိရစ္ဆာန်များကို သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်ထားခဲ့ကြောင်း SAC-M က ပြောခဲ့သည်။

စစ်တပ်၏ ထပ်တလဲလဲ ထိုးစစ်ဆင်မှုများကြောင့် နိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ တောင်သူများ အဓိက အစားအစာရင်းမြစ်ဖြစ်သည့် ဆန်စပါးသီးနှံများ နှစ်စဉ် စိုက်ပျိုးရိတ်သိမ်းမှုအပေါ် အဟန့်အတားဖြစ်ထားစေခဲ့ကြောင်း SAC-M က ပြောခဲ့သည်။

NUG ကို အသိအမှတ်ပြုရန်နှင့် ချိတ်ဆက်ပတ်သက်လုပ်ကိုင်ရန် ပျက်ကွက်ခြင်းက မြန်မာပြည်သူများ၏ ဒီမိုကရေစီ လှုပ်ရှားမှုကို ထိခိုက်လျော့ပါးစေမည့် အန္တရာယ်ရှိကြောင်း SAC-M ၏ မူလအဖွဲ့ဝင်တစ်ဦးဖြစ်သည့် မာဇူကီ ဒါရုစ်မန်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required