ငါန်းဇွန်မြို့မှ NLD အမတ် ဦးကျော်စိုးနိုင်ကို မတွေ့၍ ၎င်း၏ ညီဖြစ်သူကို စစ်ကောင်စီတပ် ဖမ်းဆီး

ငါန်းဇွန်မြို့မှ NLD အမတ် ဦးကျော်စိုးနိုင်ကို မတွေ့၍ ၎င်း၏ ညီဖြစ်သူကို စစ်ကောင်စီတပ် ဖမ်းဆီး

နိုဝင်ဘာ ၂၆

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် NLD ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်ကို လာရောက်ဖမ်းဆီးရာ မတွေ့ရှိသဖြင့် ၎င်း၏ညီဖြစ်သူ ကိုညိုအား ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက် နံနက် ၉ နာရီကျော်တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀ ဦးခန့်ဖြင့် ဖမ်းဆီးသွားကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

" အစ်ကိုကို မတွေ့လို့ ညီကို လာဖမ်းတဲ့သဘောပေါ့။ လောလောဆယ် မိသားစုကို ဦးဆောင်တာ သူပဲရှိတာကို။ အသက် ၈၀ ကျော်အမေနဲ့ မီးဖွားတာမကြာသေးတဲ့ သူ့မိန်းမရှိနေတော့ မလွှဲသာ မရှောင်သာလို့ပြန်လာတာ။ မေလ နောက်ပိုင်း ရှောင်ပြီး အခုမကြာသေးဘူး ပြန်လာတာ။ အခုသူ့ကို ရဲစခန်းမှာထားတာ မဟုတ်ဘဲ ထွေအုပ်ရုံးရဲ့ ရုံးဌာနခွဲလေးတွေထဲက တရားရုံးတစ်ခုရဲ့ ငါးပေပတ်လည်ရှိတဲ့

အချုပ်ခန်းထဲမှာ စောင်တွေ ဘာတွေ မပေးဘဲ ပစ်ထားတယ်လို့ ပြန်ကြားရတယ်"ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ကိုညိုသည် ရွှေပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး လက်ရှိတွင် ကရုဏာရှင် လူမှု့ ကူညီရေးအသင်း၏ အတွင်းရေးမှူး ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်ကလည်း NLD အမတ် ဦးကျော်စိုးနိုင်အား လာရောက်ရှာဖွေ ဖမ်းဆီးရာ မတွေ့ရှိသည့်အတွက် မြစ်သားမြို့နယ် ရွှေကြာအင်းကျောင်းတိုက်တွင် တိမ်းရှောင်နေကြသည့် ၎င်း၏ ဇနီး၊ သားနှင့် သမီးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required