နေပြည်တော် ဖွံဖြိုးတိုးတက်ရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်အား ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က ယနေ့ ပြန်လှန်စစ်မေး

နေပြည်တော် ဖွံဖြိုးတိုးတက်ရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်အား ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က ယနေ့ ပြန်လှန်စစ်မေး

နိုဝင်ဘာ ၂၆

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုလေးမှုဖြင့်တရားစွဲဆိုထားရာ ယင်းအနက် အမှုနှစ်ခုအတွက် လိုပြသက်သေထွက်ဆိုခဲ့သော နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်အား ယနေ့တွင်စွပ်စွဲခံရသူရှေ့နေများဘက်က ပြန်လှန်မေးခွန်း စစ်မေးခဲ့ကြသည်။

ယနေ့ရုံးချိန်းတွင် အဂတိလိုက်စားမှု ရာကြီးမှုအမှတ် (၃) ဖြစ်သော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေ ၁၀၁ ဧက အမှုနှင့် ရာကြီးမှုအမှတ် (၄) ဖြစ်သော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေ ၂၉ ဧက အမှုအတွက် စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

တရားခွင်ကိုနံနက်၁၀ နာရီခွဲတွင်စတင်စစ်ဆေးခဲ့ကြခြင်းဖြစ်ပြီး၊ တရားခွင်မစတင်မီရှေ့နေအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူတို့လေးဦးနှင့်တွေ့ဆုံစကားပြောခွင့်ရခဲ့သည်။

ယနေ့တရားခွင်အား မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အထူးတရားရုံး တရားသူကြီးဦးမြင့်ဆန်းက တာဝန်ယူပြုလုပ်ခဲ့သည်။

ယင်းအမှုနှစ်ခုအား ရှေ့နေအဖွဲ့က ပြန်လှန်မေးခွန်များ စစ်မေးခဲ့ရာ မွန်းလွဲ ၁၂ နာရီအထိအချိန်ကြာမြင့်ခဲ့သည်။

ထို့နောက် တရားသူကြီးက အဂတိမှုလေးမှုစလုံးအတွက် ဒီဇင်ဘာ ၃ ရက် (သောကြာနေ့)သို့ ပြန်လည်ချိန်းဆိုလိုက်သည်။

ယင်းနေ့ရုံးချိန်းတွင် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်အား အကယ်ဒမီရွှေ ခုနှစ်ပိသာနှင့်အမေရိကန်ဒေါ်လာ ခြောက်သိန်းပေးခဲ့သည်ဆိုသော ရာကြီးမှုအမှတ် (၂) အား သီးသန့်စစ်ဆေးမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

ယင်းအမှုအတွက် တရားရုံးက တရားလိုပြသက်သေနှစ်ဦးဆင့်ခေါ်ထားသည့်အနက်လိုပြသက်သေတစ်ဦးမှာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှိ အိမ်အကူ ဒေါ်ဝေဝေသန်းကလာရောက်ထွက်ဆိုကြမည်ဖြစ်သည်။

စစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံကို ပုဒ်မ၁၁ ခုဖြင့်တရားစွဲဆိုထားပြီး ဒီဇင်ဘာ၃၀ ရက်တွင် သဘာဝဘေးအမှုနှင့် ဆူပူအောင် လှုံဆော်စေမှု အမှုနှစ်ခုအတွက် အပြီးသတ်အမိန့်ချမှတ်သွားတော့မည်ဖြစ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်ဆောင်အချို့ကို မဲမသမာမှုပြုလုပ်သည်ဆိုကာ နိုဝင်ဘာ ၁၅ရက်က ထပ်မံတရားစွဲဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ နေပြည်တော်ကောင်စိနယ်မြေ ဥက္ကဌ ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရျင်ဥက္ကဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နှင့် ဦးသန်းဌေးအပါအဝင် လူပုဂ္ဂိုလ် ၁၆ ဦးကိုတရားစွဲဆိုထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required