ဒီးမော့ဆိုမြို့နယ်တွင် KNDF နှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲဖြစ်၊ နှစ်ဖက်ကျဆုံးမှုရှိဟုဆို

ဒီးမော့ဆိုမြို့နယ်တွင် KNDF နှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲဖြစ်၊ နှစ်ဖက်ကျဆုံးမှုရှိဟုဆို
ဓာတ်ပုံ- KNDF

နိုဝင်ဘာ ၂၅

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင် ကျေးရွာအုပ်စု၊ ဟိုဖိတ်ကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီဒေသ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့အကြား ယနေ့ နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်း မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိနေကြောင်း KNDF ပြောခွင့်ရသူထံမှ သိရသည်။

အင်အား ၁၀၀ ဝန်းကျင်ပါသော စစ်ကောင်စီတပ်နှင့် KNDF တပ်ဖွဲ့ဝင်များအကြား ဟိုဖိတ်ကျေးရွာအနီးတွင် ယနေ့ နံနက် ၅ နာရီကျော်မှ နံနက် ၉ နာရီ မိနစ် ၃၀ အချိန်ထိ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အဆိုပါ KNDF ပြောခွင့်ရသူက ဆိုသည်။

“ စံပြ ( ၆ )မိုင်ဆိုတဲ့ နားလေးမှာပဲ။ အမြဲတမ်းတိုက်ပွဲ ခဏခဏဖြစ်တဲ့နေရာနားလေးမှာပေါ့။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNDF ရဲဘော်တွေနဲ့တွေ့တော့ ပစ်ခတ်မှုဖြစ်တာ။ ကျွန်တော်တို့ဘက်ကတော့ လေးယောက်ကျတယ်။ စစ်ကောင်စီဘက်ကတော့ ကျဆုံးထိခိုက်မှုတွေတော့ ကျွန်တော်တို့ အခုထိ မသိရသေးဘူး” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယနေ့နံနက် တိုက်ပွဲတွင် KNDF ရဲဘော်လေးဦး လက်နက်ငယ်ကျည် ထိမှန် ကျဆုံးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က အကျအဆုံးများနိုင်သော်လည်း အရေအတွက် မသိရသေးကြောင်း ၎င်းက ယနေ့ နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

“ အခုတော့ ငြိမ်နေတယ်လို့ ပြောရမယ်။ ဒါပေမဲ့ အခုပဲ (စစ်ကောင်စီဘက်က) လက်နက်ကြီးနှစ်လုံး ထပ်ပြီးတော့ ထုလာတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် နေရာမှ ဒေသခံပြည်သူများသည် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒေသခံတချို့ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း ဒေသကာကွယ်ရေးတပ်ဘက်က ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၄ရက် နံနက်အစောပိုင်းကလည်း ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင်ကျေးရွာ နှင့် ဒေါပိုးစီကျေးရွာတို့တွင် နှစ်ဖက်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဘက်က တရားဝင် ထုတ်ပြန်ထားသေးသည်။

ဒီးမော့ဆိုမြို့နယ်တွင် လက်ရှိ စစ်ရေးအခြေအနေ တင်းမာနေပြီး ဆက်လက် တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အတွက် ဒေသခံပြည်သူများအနေဖြင့် မြေပြင်သတင်းအချက်အလက်ရယူပြီးမှ သတိထားသွားလာကြရန် KNDF တပ်ဖွဲ့က တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required