စစ်အာဏာသိမ်းအပြီး လူ့အခွင့်အရေး ပိုမိုပျက်စီးလာဟု KHRG အစီရင်ခံစာတွင် ဖော်ပြ

စစ်အာဏာသိမ်းအပြီး လူ့အခွင့်အရေး ပိုမိုပျက်စီးလာဟု KHRG အစီရင်ခံစာတွင် ဖော်ပြ

နိုဝင်ဘာ ၂၄

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း လူ့အခွင့်အရေး ပိုမိုပျက်စီးလာပြီး စစ်ကောင်စီက အရပ်သားပြည်သူများကို စနစ်တကျ အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ လူ့အခွင့်အရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဏာသိမ်းအပြီးတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေသို့ ရောက်ရှိ ခိုလှုံနေကြသော CDM ဝန်ထမ်းများနှင့် ကျေးလက် ဒေသခံများကို ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်လကုန်အထိ ခြောက်လတာ ကာလအတွင်း မေးမြန်းကာ သုတေသန ပြုလုပ်ထားသည့် လူ့အခွင့်အရေး အစီရင်ခံစာကို ယနေ့ နိုဝင်ဘာလ ၂၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခြင်း ဖြစ်သည်။

ကျေးလက်ဒေသခံများကို ပေါ်တာဆွဲခြင်း (စစ်ကြောင်းပါ ပစ္စည်းများသယ်ရန် အရပ်သားများကို အဓမ္မ ခေါ်ယူခြင်း ) ၊ စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ပစ်သတ်ခြင်း၊ ဒေသခံများကို လူသားဒိုင်းကာ အဖြစ် အသုံးပြုခြင်းနှင့် လူနေအိမ်များအပေါ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် စစ်အာဏာသိမ်းပြီးနောက် ပိုမိုမြင့်တက်လာသည်ဟု KHRG အဖွဲ့ ညွှန်ကြားရေးမှူး နော်ထူးထူးက ပြောသည်။

“ကျွန်မတို့ ရရှိတဲ့ အစီရင်ခံစာတွေထဲမှာ အမျိုးသမီး ကိုယ်ဝန်သည်တွေ ပစ်သတ်ခံရတယ်။ ညမထွက်ရ အမိန့်ထုတ်ထားတဲ့ အချိန်မှာ သူတို့အမိန့်ကို လိုက်နာပေမဲ့ ပစ်သတ်ခံရတာ ရှိတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးကတော့ ပေါ်တာဆွဲတာ။ အမျိုးသမီးတွေ အပါအဝင် ရွာသားတွေကို လူသားဒိုင်း အဖြစ်သုံးတာတွေ ပိုများလာနေတယ်။ အဓ္ဓမစေခိုင်းမှုတွေ ပိုများ လာတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါလုပ်ဆောင်မှုများကို ရပ်တန့်ရန်နှင့် ဒေသခံများ ပိုင်ဆိုင်သော မော်တော်ယာဉ်များ၊ လှေများကို စစ်ရေး လှုပ်ရှားမှုများတွင် အသုံးမပြုရန် KHRG အဖွဲ့၏ ထိုအစီရင်ခံစာတွင် တောင်းဆိုထားသည်။

စစ်တပ်အာဏာသိမ်းမှု မဖြစ်ပွားခင် ကတည်းက မြန်မာပြည် အရှေ့တောင်ပိုင်းရှိ ဒေသအချို့တွင် လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ခိုက်မှုများ ရှိသော်လည်း လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး အလှည့်အပြောင်းများတွင် လူ့အခွင့်အရေးအား ကျယ်ကျယ်ပြန့်ပြန့် ထပ်မံ ချိုးဖောက်သည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

စစ်အာဏာသိမ်းပြီးနောက် ခြောက်လတာ ကာလအတွင်း ကောက်ခံ ရရှိထားသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု သုတေသန အစီရင်ခံစာ အချက်အလက်များကို နိုင်ငံတကာရှိ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ချိတ်ဆက်ဆောင်ရွက်နေသော သံရုံးများထံ ဖြန့်ဝေသွားမည်ဟု KHRG အဖွဲ့ ညွှန်ကြားရေးမှူး နော်ထူးထူးက ပြောသည်။

“အစီရင်ခံစာပါ ဘယ်အချက်တွေက နိုင်ငံတကာ တရားရုံးအထိ သက်သေတွေဖြစ်မလဲ။ ကျွန်မတို့ စိစစ်မယ်။ ဥပမာ မပေါက်ကွဲသေးတဲ့ ဗုံးသီး အကြီးကြီးတွေ အဲလိုမျိုး ဓာတ်ပုံတွေလည်း ပါတယ်။ ရွာသားအိမ်တွေ ပျက်စီးတာ၊ ကျောင်းတစ်ကျောင်းလုံး ပျက်စီးတာတွေ၊ ဒါတွေကို နိုင်ငံတကာ တရားရုံးမှာ အကောင်းဆုံးသက်သေအဖြစ် ပေးနိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဆက်လက် ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် အာဏာသိမ်း စစ်တပ်ကို တရားဝင်မှု မပေးရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးရာတွင် စစ်ကောင်စီနှင့် ပူးပေါင်း မလုပ်ဆောင်ရန်နှင့် စစ်ကောင်စီ၏ လူ့အခွင့်အရေး ကျူးလွန်နေမှုများကို အမြန်ဆုံး ပိတ်ပင်တားဆီးရန် နိုင်ငံတကာ အဖွဲ့အစည်းများကို တောင်းဆိုကြောင်းလည်း KHRG အဖွဲ့က ဆိုသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)သည် ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာပြည် အရှေ့တောင်ပိုင်း ဒေသများတွင် ဖြစ်နေသော အတင်းအဓမ္မ ခိုင်းစေခြင်း၊ မြေမြှုပ်မိုင်းထောင်ခြင်း၊ ပြည်တွင်းနေရပ် ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ပဋိပက္ခဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ကိစ္စရပ်များကို သုတေသနပြုစုကာ နှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly