မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ထိပ်တန်းလက်ထောက် ကားတိုက်မှုတစ်ခုတွင် သေဆုံး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ထိပ်တန်းလက်ထောက် ကားတိုက်မှုတစ်ခုတွင် သေဆုံး

ဆိုးလ်၊ ဒီဇင်ဘာ ၃၀ ။           ။ မြောက်ကိုရီးယား အာဏာရပါတီ အကြီးတန်းအရာရှိနှင့် ခေါင်းဆောင်ကင်ဂျုံအန်၏ ထိပ်တန်းလက်ထောက် တစ်ဦးဖြစ်သူသည် ကားတိုက်မှုတစ်ခုတွင် သေဆုံး ခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီက ဒီဇင်ဘာ ၃၀တွင် အစီရင်ခံခဲ့သည်။ ၎င်းသေဆုံးမှုက ကင်ဂျုံအန်၏ နီးကပ်သော လက်ထောက်အသိုင်းအဝိုင်းမှ လူများ ကွယ်လွန်မှုတွင် ထင်ရှားသည့် နောက်ဆုံးဖြစ်စဉ်ဖြစ်သည်။

Workers' Party ၏အတွင်းရေးမှူးတစ်ဦးနှင့် တောင်ကိုရီးယားနှင့်ဆက်ဆံရေးကို ကိုင်တွယ်ရသော United Front Department ဋ္ဌာန၏ အကြီးအကဲဖြစ်သူ ကင်ယန်ဂွန်သည် အရင်းနှီးဆုံးရဲဘော်ရဲဘက်ဖြစ်ပြီး ခိုင်မာသည့် တော်လှန်ရေးမိတ်ဖက်တစ်ဦးဖြစ်သည်ဟု KCNA သတင်းဋ္ဌာနက ဖော်ပြသည်။

မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံကြားအပြန်အလှန်အမြောက်များဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး တင်းမာမှုများမြင့်မားလာပြီးနောက် သြဂုတ်လက ပြုလုပ်သော ဆွေးနွေးပွဲများတွင် ကင်ယန်ဂွန်သည် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွင်ပါဝင်သည်။

ယင်းဆွေးနွေးပွဲများက သဘောတူညီချက်တစ်ခုရရှိခဲ့ပြီး လိပ်ခဲတည်းလည်းအခြေအနေကို အဆုံးသတ်နိုင်ခဲ့သည့်အပြင် ဆက်ဆံမှုတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများပြန်လည် ပြုလုပ်ရန် သဘောတူခဲ့သည်။ ကင်ယန်ဂွန်သည် မကြာသေးမီကာလများအတွင်း ကင်ဂျုံအန်နှင့် ပိုမိုနီးကပ်လာခဲ့သည်ကို တွေ့ရပြီး လယ်ယာစက်မှုစစ်ဆေးမှုများနှင့် သံတမန်ရေးတွေ့ဆုံမှုများတွင် ကင်ဂျုံအန်၏ဘေးတွင် ရှိနေခဲ့သည်။

၎င်းသည် နိုင်ငံခြားရေးရာများတွင် ကျယ်ပြန့်စွာနားလည်မှုရှိပြီး အတွေ့အကြုံရင့်ကျက်သည့် အကြံပေးတစ်ဦးဖြစ်သည်ဟု မြောက်ကိုရီးယား၏ ခေါင်းဆောင်ပိုင်းရေးရာကျွမ်းကျင်သူတစ်ဦးဖြစ်သူ မိုက်ကယ်မက်ဒင်က ပြောသည်။

"တောင်ကိုရီးယားပေါ်လစီနဲ့ ပတ်သက်လို့ ကင်ယန်ဂွန်မှာ အလွန်ကောင်းတဲ့ လူမှုကွန်ရက်တစ်ခု ရှိပါတယ်။ တောင်ကိုရီးယားနဲ့ ဆွေးနွေးရာမှာ မြောက်ကိုရီးယားအတွက် အလွန်တော်တဲ့ ဆွေးနွေးသူတစ်ဦးဖြစ်ပါတယ်" ဟု မိုက်ကယ်မက်ဒင်ကဆိုသည်။

ကင်ယန်ဂွန်သေဆုံးမှုအတွက် စာနာဝမ်းနည်းပါကြောင်း တောင်ကိုရီးယားက ပြန်လည်ပေါင်းစည်းရေးဝန်ကြီးမှတဆင့် မက်ဆေ့ဂျ်ပို့ခဲ့သည်။ ၂၀၁၁ က ဖခင်ဖြစ်သူ ရုတ်တရက်သေဆုံးကာ အာဏာရရှိလာပြီးနောက် ကင်ဂျုံအန်သည် ထိပ်တန်းလက်ထောက်များစွာကို ထုတ်ပယ်ခဲ့သည်။

၂၀၁၃က ကင်ဂျုံအန်သည် နိုင်ငံတွင် ဒုတိယအာဏာအရှိဆုံးဟု ယူဆခံခဲ့ရသည့် ၎င်း၏ဦးလေးတော်သူ ဂျန်ဆောင်သက်ကို တော်လှန်ရေးကို ဆန့်ကျင်သည့်ပြစ်မှုများဖြင့် ကွပ်မျက်ခဲ့သည်။

အသက် ၇၃ နှစ်ရှိ ကင်ယန်ဂွန်သည် ဒီဇင်ဘာ ၂၉က ကားမတော်တဆမှုတစ်ခုတွင် သေဆုံးခဲ့ကြောင်း KCNA ကအစီရင်ခံခဲ့သည်။ မတော်တဆမှုနှင့် ပတ်သက်၍ အသေးစိတ်မထုတ်ပြန်ခဲ့ပေ။ ဆင်းရဲသော မြောက်ကိုရီးယားနိုင်ငံရှိလမ်းများမှာ ထိန်းသိမ်းပြုပြင်မှု ညံ့ဖျင်းပြီး ကိုယ်ပိုင်ကားရှိသူလည်း ရှားပါးသည်။ လွန်ခဲ့သည့်နှစ်များအတွင်း အဆင့်မြင့်အရာကြီးတစ်ချို့မှာ လမ်းများပေါ် မတော်တဆမှုများတွင် သေဆုံးခဲ့သည်။

"မြောက်ကိုရီးယားမှာ အဆင့်မြင့်အရာရှိတွေ သံသယဖြစ်ဖွယ်သေဆုံးမှုနဲ့ ပတ်သက်လို့ ရှည်လျားတဲ့မှတ်တမ်းတစ်ခုရှိပါတယ်။ အများစုဟာ စက်သေနတ်ကြောင့် ဒါမှမဟုတ် ကားတိုက်မှုတွေကြောင့် သေခဲ့ကြတာပါ"ဟု မြောက်ကိုရီးယားရေးရာကျွမ်းကျင်သူ အန်ဒရေလန်ကော့ဗ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly