နိုဝင်ဘာလ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၈၅ ဦး သေဆုံးဟု KNU သတင်းထုတ်ပြန်

နိုဝင်ဘာလ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၈၅ ဦး သေဆုံးဟု KNU သတင်းထုတ်ပြန်

နိုဝင်ဘာ ၁၆

ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း နိုဝင်ဘာလ ၁ ရက်မှ ၁၁ ရက်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၈၅ ဦး သေဆုံးခဲ့သည်ဟု KNU ဗဟို က သတင်းထုတ်ပြန်သည်။

KNU လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) တို့နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား ၁၁ ရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကို ယမန်နေ့ နိုဝင်ဘာ ၁၅ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

KNU ၏ ထိန်းချုပ်နယ်များဖြစ်သော ဒူးသထူ (သထုံခရိုင်) တပ်မဟာ (၁) ၊ တောင်ငူခရိုင် တပ်မဟာ (၂) နှင့် မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေများ၌ အဆိုပါ ရက်များအတွင်း တိုက်ပွဲအကြိမ်ရေ ၉၀ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး တစ်ဦး၊ ဒုဗိုလ်တစ်ဦး၊ တပ်ကြပ် နှစ်ဦး အပါအဝင် ၈၅ ဦးသေဆုံး၍ ၆၁ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တို့သည် ဒေသခံကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများကို KNLA ဘက်မှ ပစ်ခတ်ခြင်း မပြုရန်နှင့် ပစ်ခတ်မှုများ လုပ်ပါက ရွာထဲသို့ လက်နက်ကြီး ပစ်ချမည်ဟု ရွာလူကြီးများကို ခေါ်ယူပြီး ခြိမ်းခြောက်ခဲ့ကြောင်း KNLA က ပြောသည်။

ဒွယ်လိုးမြို့နယ်အတွင်း ထီသွီးအူ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ၊ ဘားအံမြို့ရှိ စစ်ကောင်စီ၏ ခမရ (၄၀၉) နှင့် နယ်ခြားတပ် (၁၀၁၄) ၊ သံလွင်တံတားအောက် အခြေစိုက်သည့် ရေတပ်စစ်သင်္ဘော နှင့် ဘီးလင်းမြို့နယ်အတွင်းက အမြောက်တပ် ၊ စစ်ကောင်စီ၏ ခမရ (၄၀၆ ) ၊ နယ်ခြားစောင့်တပ် (၁၀၁၄) မှ ဗိုလ်တင်ဝင်း ဦးဆောင်သောအဖွဲ့ တို့သည် အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့သော နေ့ရက်များတွင် အနီးအနား ကျေးရွာဝန်းကျင်များကို လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လမ်းသွားလမ်းလာများကို ဖုန်းများစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ ဒေသခံကျေးရွာ နေအိမ်များလည်း ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly