တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် မြန်မာနိုင်ငံသားအယောက် ၁၀၀ ကျော် ထိုင်းတွင် ဖမ်းဆီးခံရပြန်

တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် မြန်မာနိုင်ငံသားအယောက် ၁၀၀ ကျော် ထိုင်းတွင် ဖမ်းဆီးခံရပြန်

နိုဝင်ဘာ ၁၁

ထိုင်းနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား အလုပ်အကိုင်ရှာသူ နောက်ထပ် ၁၀၁ ဦး နိုဝင်ဘာ ၁၁ ရက်တွင် ဆိုင်ယော့ခ်ခရိုင်တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

နယ်စပ်ဧရိယာတစ်ခုတွင် ယင်းနေ့ မနက် ၁၁ နာရီခန့်က မြန်မာရွှေ့ပြောင်းအုပ်စုတစ်စု ရောက်ရှိနေသည်ဟု သတင်းရရှိပြီးနောက် ရဲများ၊ စစ်သားများနှင့် ဒေသတာဝန်ရှိသူများ ပါဝင်သည့် ထိုင်း နယ်စပ်လုံခြုံရေးတပ်ဖွဲ့က အဆိုပါ သတင်းရရှိသည့် နယ်စပ်ဧရိယာတစ်ခုသို့ သွားရောက်ခဲ့ပြီး နာနတ်သီးစိုက်ခင်းတစ်ခုတွင် စုဝေးရှိနေကြသည့် အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၄၃ ဦးတို့ ပါဝင်သည့် မြန်မာနိုင်ငံသားရွှေ့ပြောင်းများကို တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် COVID-19 ကပ်ရောဂါဆိုင်ရာ စစ်ဆေးမှု တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံသားများကို ထိုင်းကျန်းမာရေးတာဝန်ရှိသူများက အပူချိန်တိုင်းတာစစ်ဆေးခဲ့ရာ အားလုံးသည် ပုံမှန်အပူချိန်အတိုင်း ရှိနေခဲ့ကြသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများက ၎င်းတို့သည် ထိုင်းတွင် အလုပ်လုပ်ရန်အတွက် မြန်မာနိုင်ငံ မော်လမြိုင်၊ ပဲခူးနှင့် အခြားမြို့များကနေ လာရောက်ခဲ့ကြသူများဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

၎င်းတို့သည် နယ်စပ် တောလမ်းကနေတဆင့် ထိုင်းဘက် ဖြတ်ကျော်ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့သည် ဆမွတ် ဆာခွန်း၊ ပသမ်သာနီ၊ ဆမွတ် ပရာကန် ပြည်နယ်များသို့ သွားရောက်ရန် ရည်ရွယ်ခဲ့ကြသူများဖြစ်သည်။ ၎င်းတို့သည် အလုပ်လုပ်မည့်နေရာများသို့ ရောက်ပါက အလုပ်ပွဲစားများကို တစ်ဦးလျင် ဘတ် ၂၅,၀၀၀ စီ ပေးရရန် ရှိနေခဲ့ကြောင်း သိရသည်။

ယခုအခါ ၎င်းတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် ဆိုင်ယော့ခ်ရဲစခန်းသို့ လွှဲအပ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်ကလည်း ကန်ချနဘူရီပြည်နယ်ရှိ စန်ခလာဘူရီ ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် မြန်မာနိုင်ငံသား ၂၁၈ ဦး ဖမ်းဆီးခံခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly