စင်္ကာပူတွင် အိမ်ရှင်၏ ယောက္ခမကို သတ်မှုဖြင့် တရားရင်ဆိုင်နေရသည့် မြန်မာအိမ်အကူက နှိပ်စက်ခဲ့ကြောင်း ဝန်ခံထွက်ဆို

စင်္ကာပူတွင် အိမ်ရှင်၏ ယောက္ခမကို သတ်မှုဖြင့် တရားရင်ဆိုင်နေရသည့် မြန်မာအိမ်အကူက နှိပ်စက်ခဲ့ကြောင်း ဝန်ခံထွက်ဆို

နိုဝင်ဘာ ၁၀

စင်္ကာပူနိုင်ငံတွင် အိမ်ရှင်ဖြစ်သူ၏ ယောက္ခမကို သတ်မှုဖြင့် တရားရင်ဆိုင်နေရသည့် မြန်မာအိမ်အကူမိန်းကလေးတစ်ဦးက သူမသည် အဆိုပါအိမ်တွင် အလုပ်လုပ်ခဲ့စဉ်အတွင်း နှိပ်စက်ညှင်းပန်းခံခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါ မြန်မာအိမ်အကူအမျိုးသမီးသည် မီးဖိုချောင်ထဲမှ ဓားတစ်ချောင်းကို ယူပြီး အိမ်ရှင်၏ ယောက္ခမဖြစ်သူ အမျိုးသမီးကြီးကို ၂၆ ချက် ဆင့်ထိုးကာ သတ်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံသူတစ်ဦးဖြစ်သည့် အသက် ၂၆ နှစ်ရှိ မဇင်မာနွယ်သည် ၂၀၁၈ ခုနှစ် ဇွန်လ ၂၅ ရက် မွန်းလွဲပိုင်းခန့်က အသက် ၇၀ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကို သတ်မှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။

သူမသည် အမျိုးသမီးကြီးကို သတ်ပြီးနောက် စင်္ကာပူနိုင်ငံ အနောက်ပိုင်းတွင် ဟိုဟိုဒီဒီ လျှောက်သွားနေခဲ့ပြီး ယင်းနောက် အိမ်အကူ အေဂျင်စီသို့ ပြန်သွားခဲ့ရာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

လူသတ်မှုအတွက် တရားရုံး အမှုစစ်ဆေးမှုကို နိုဝင်ဘာ ၉ ရက်က စတင်ခဲ့ရာ စုံစမ်းစစ်ဆေးရေးအရာရှိ ရဲမှူး အယ်လ်ဗင် ဖူက ပထမဆုံး သက်သေအဖြစ် ထွက်ဆိုခဲ့သည်။

မဇင်မာနွယ်သည် ၂၀၁၈ ဇန်နဝါရီလက စင်္ကာပူသို့ ရောက်ရှိခဲ့ပြီး ယင်းနှစ် မေလ ၁၀ ရက်တွင် စင်္ကာပူအိမ်ရှင် မိသားစုအတွက် အလုပ်စလုပ်ပေးခဲ့သည်။

သူမ၏ ပတ်စ်ပို့အရ ဖြစ်စဉ်ဖြစ်ပွားချိန်ကာလက သူမ အသက်သည် ၂၃ နှစ်ဟု ညွှန်ပြနေသော်လည်း နောက်ပိုင်းတွင် သူမသည် ယင်းအချိန်က အသက် ၁၇ နှစ်သာ ရှိသေးသည်ဟု သူမက ပြောသည်။ ယင်းနောက် အရိုးကြည့် အသက်အပိုင်းအခြားစစ်ဆေးစမ်းသပ်မှုတစ်ရပ်အရလည်း သူမသည် ထိုစဉ်က အသက် ၁၇ နှစ်သာ ဖြစ်နိုင်ခြေ အများဆုံးဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ယင်းနှစ် မေလ ၂၆ ရက်တွင် သူမ အိမ်ရှင်၏ ယောက္ခမဖြစ်သူသည် အိန္ဒိယကနေ ရောက်လာခဲ့ပြီး ထိုမိသားစုနှင့်အတူ တစ်လကြာ နေထိုင်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။

အိမ်ရှင်မိသားစုတွင် မဇင်မာနွယ်၏ အိမ်ရှင်အမျိုးသား၊ ၎င်း၏ ဇနီးနှင့် ၎င်းတို့၏ ဆယ်ကျော်သက်အရွယ် သမီးနှစ်ဦးတို့ ရှိနေခဲ့သည်။

အမှုနှင့်ပတ်သက်ပြီး အများပြည်သူကို ထုတ်ဖော်ခွင့် ပိတ်ပင်ထားသည့် အမိန့်တစ်ရပ်ကြောင့် သေဆုံးသူ၊ မိသားစုဝင်များနှင့် ဖြစ်စဉ်ဖြစ်ပွားရာ တည်နေရာတို့ကို ထုတ်ဖော်ခွဲခြားသိရှိနိုင်ခြင်း မရှိပေ။

၂၀၁၈ ဇွန်လ ၂၅ ရက် မနက် ၁၁ နာရီ ခွဲခန့်က တိုက်ခန်းထဲတွင် မြန်မာအိမ်အကူနှင့် အိမ်ရှင်၏ ယောက္ခမ အမျိုးသမီးကြီးတို့သာ ရှိနေခဲ့သည်ဟု သိရသည်။

ယင်းအချိန်တွင် အမျိုးသမီးကြီးသည် ဧည့်ခန်းထဲရှိ ဆိုဖာတစ်ခုပေါ်တွင် လဲလျောင်းရင်း တီဗီကြည့်နေခဲ့သည်။

မဇင်မာနွယ်သည် မီးဖိုချောင်ထဲမှ ဓားတစ်ချောင်းကို ယူကာ အမျိုးသမီးကြီးအား အချက်ပေါင်းများစွာ ထိုးကာ သတ်ခဲ့သည်။

ယင်းနောက် သူမသည် အိပ်ခန်းထဲ မွှေနှောက်ရှာဖွေကာ ဗီရိုတစ်လုံး၏ သော့ကို ချိုးဖျက်ကာ အတွင်းထဲရှိ စာအိတ်တစ်အိတ်ထဲမှ ပိုက်ဆံတချို့ကို ယူခဲ့သည်ဟု သိရသည်။

သူမသည် ဓားကို မီးဖိုချောင်ထဲ၌ ရေဖြင့် ဆေးကြောကာ ပြန်ထားခဲ့ပြီး ယင်းနောက် အဝတ်အစားလဲကာ တိုက်ခန်းထဲက ထွက်ခဲ့ပြီး ငွေသားတချို့အပြင် မီးဖိုချောင်ထဲရှိ မိုက်ခရိုဝေ့ဗ် မီးဖိုပေါ်တွင် ထားသည့် ez-link ကဒ်တစ်ခုတို့နဲ့အတူ ထွက်ခွာခဲ့သည်။

လုံခြုံရေးကင်မရာ၏ ရိုက်ကူးထားမှုအရ သူမသည် နေ့လည် ၁၂ နာရီ ၄၀ ခန့်တွင် ချောင်ချူကန်းရှိ အိမ်အကူအေဂျင်စီသို့ သွားခဲ့ပြီး သူမ၏ ပတ်စ်ပို့ ရရှိရန် ကြိုးပမ်းခဲ့သည်ဟု သိရသည်။

သို့သော် အေဂျင်စီဝန်ထမ်းများက ၎င်းတို့အနေဖြင့် သူမ၏ အိမ်ရှင်ကို ဖုန်းဆက်ခေါ်မည်ဟု ပြောကြားခဲ့ပြီးနောက် သူမသည် ယင်းနေရာကနေ ထွက်ခွာသွားခဲ့သည်။

မြန်မာအိမ်အကူမိန်းကလေးသည် Jurong East နှင့် Bukit Merah တို့အပါအဝင် စင်္ကာပူနိုင်ငံတစ်ခွင် လျှောက်သွားနေခဲ့ပြီး ယင်းနောက် ညနေ ၅ နာရီ ခွဲခန့်တွင် အငှားယာဉ်ဖြင့် အိမ်အကူအေဂျင်စီသို့ ပြန်လာခဲ့သည်။

သူမ ပြန်ရောက်လာရာတွင် ဝန်ထမ်းများက ရဲကို အကြောင်းကြားခဲ့သည့်အတွက် ယင်းနေရာတွင် သူမ အဖမ်းခံခဲ့ရသည်။

သူမကို အိမ်အကူအေဂျင်စီသို့ လိုက်ပို့ပေးခဲ့သည့် အငှားကားမောင်းသမားက ကားနောက်ဘက် ခရီးသည်ထိုင်ခုံတွင် ကျန်ခဲ့သည့် ငွေသား စင်ကာပူဒေါ်လာ ၁၁၄ ဒေါ်လာခန့် ပါသည့် ပလတ်စတစ်အိတ်တစ်အိတ်ကို တွေ့ရှိခဲ့သည်။

ယင်းနောက် မှုခင်းဆေးပညာအရ စစ်ဆေးခဲ့ရာတွင် အိတ်ထဲရှိ ငွေစက္ကူ လေးရွက်တွင် အိမ်အကူဖြစ်သူ၏ သွေးများ စွန်းထင်းနေသည်ကို တွေ့ခဲ့ရသည်။

မဇင်မာနွယ်က သူမအား သေဆုံးသူအမျိုးသမီးကြီးက ညှင်းပန်းနှိပ်စက်မှုများ ရှိခဲ့ကြောင်း၊ သူမ၏ ကျောနဲ့ ဦးခေါင်းကို ထုရိုက်မှုများ ရှိခဲ့ကြောင်း၊ တခါတရံ ပန်းကန်ခွက်ယောက်များဖြင့် ထုရိုက်မှုများ ရှိခဲ့ကြောင်း ထွက်ဆိုပြောကြားထားခဲ့သည်ဟု နိုဝင်ဘာ ၉ ရက်တွင် ရဲမှူး ဖူက တရားရုံးကို ပြောသည်။

ထို့ပြင် သူမသည် အမျိုးသမီးကြီး၏ ခြေသည်းများကို ညှပ်ပေးနေခဲ့စဉ် အမျိုးသမီးကြီးက သူမ၏ ရင်ဘတ်ကို ဆောင့်ကန်ခဲ့သေးသည်ဟု မြန်မာအိမ်အကူက ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို  ပြန်ပြောပြထားခဲ့သည်ဟု ဆိုသည်။

လူသတ်သည်အထိ ဖြစ်စေခဲ့သည်ဟု ဆိုရမည့် အဓိကအချက်မှာ သေဆုံးသူအမျိုးသမီးကြီးက နောက်တစ်နေ့တွင် သူမအား အေဂျင့်ထံ ပြန်ပို့တော့မည်ဟု ပြောခဲ့ချိန်ပင် ဖြစ်သည်ဟု သိရသည်။

ယင်းအချိန်တွင် သူမသည် အင်မတန် ဒေါသထွက်ခဲ့ပြီး စိတ်ထိန်းနိုင်ခြင်းမရှိတော့ဘဲ စိတ်လွတ်ထွက်သွားကာ ဓားဆွဲမိခဲ့ခြင်းဖြစ်ကြောင်း မဇင်မာနွယ်က ရဲများကို ပြောဆိုခဲ့သည်ဟု သိရသည်။

မှုခင်းဆေးပညာ စစ်ဆေးမှုအရ အခင်းနေရာတွင် သူမ၏ သွေးများကို တွေ့ခဲ့သည်။

မြန်မာအိမ်အကူမိန်းကလေးသည် အေဂျင်စီကနေတဆင့် အလုပ်ခန့်ပြီးနောက် စင်ကာပူဒေါ်လာ ၃,၃၀၀ ခန့် အကြွေးတင်နေခဲ့သည်ဟုလည်း တရားရုံးကို ပြောသည်။

သို့သော် ယင်းသည် ရက်စက်ပြီး ပြင်းထန်သည့် တိုက်ခိုက်မှုတစ်ခု ဖြစ်သည် ဆိုသော်လည်း ငွေကြေးက လူသတ်မှုဖြစ်စေသည့် အဓိက အကြောင်းရင်း ဖြစ်ခဲ့ပုံ မပေါ်ကြောင်း၊ သေဆုံးသူအမျိုးသမီးကြီး ဝတ်ဆင်ထားခဲ့သော အဖိုးတန်လက်ဝတ်ရတနာများကို ဒီအတိုင်းပင် အခင်းဖြစ်ရာနေရာတွင်ပင် တွေ့ရှိခဲ့ကြောင်း ရဲမှူး ဖူက ပြောသည်။
နိုဝင်ဘာ ၉ ရက်တွင် လာရောက်သက်သေခံထွက်ဆိုသည့် ဒုတိယသက်သေမှာ ဖြစ်စဉ်ဖြစ်ပွားချိန်က ရဲအုပ်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၈ စက်တင်ဘာတွင် စင်္ကာပူရဲတပ်ဖွဲ့မှ ထွက်ခဲ့သည့် လျောင်လင်ချီး ဖြစ်သည်။

အိမ်အကူ အဖမ်းခံရပြီးနောက် ၎င်းသည် သူမနှင့် စကားပြောဆိုခဲ့ရပြီး ထိုစဉ်က သူမသည် အနည်းငယ် ရှိုးတိုးရှန့်တန့် ဖြစ်နေသော်လည်း တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သည်ဟု ပြောသည်။

ယင်းနောက်ပိုင်းတွင် အပြန်အလှန် ပြောဆိုခဲ့ရာတွင် သူမသည် ဟက်ဟက်ပက်ပက် ဖြစ်လာခဲ့ပြီး တွန့်ဆုတ်ခြင်း သိပ်မရှိတော့ဟု ၎င်းက ပြောသည်။

တရားရုံးစစ်ဆေးမှုကို နိုဝင်ဘာ ၁၀ ရက်တွင် ဆက်လုပ်သွားမည်ဖြစ်ပြီး သက်သေခြောက်ဦး လာရောက်ထွက်ဆိုပြောကြားမည်ဖြစ်သည်။ ၎င်းတို့အနက် လေးဦးမှာ ရဲတပ်ဖွဲ့မှ ဖြစ်ပြီး နှစ်ဦးမှာ အမျိုးသား သဘာဝပတ်ဝန်းကျင်  အေဂျင်စီမှ ဖြစ်သည်။

တရားခံဖြစ်သူကို လူသတ်မှုစွဲချက်တစ်ခုတည်းဖြင့် အပြစ်ရှိကြောင်း သက်သေပြရန် အသိသက်သေ ၆၃ ဦးထံမှ သက်သေများကို ယူဆောင်သွားမည်ဟု ဒုတိယအစိုးရရှေ့နေများဖြစ်ကြသည့် ကူမာရီဆန် ဂိုဟူလာဘယ်လန်နှင့် ရှောင်တီ တို့က ပြောသည်။

မဇင်မာနွယ်ဘက်မှ လိုက်ပါဆောင်ရွက်မည့်သူများအဖြစ် မစ္စတာ ခရစ္စတိုဖာ ဘရစ်ချ်၊ မစ္စ ဗစ်ကီ တန်နှင့် မစ္စတာ စတီဖန် ဝေါင်တို့ ကိုယ်စားပြုသည်။ တရားခံရှေ့နေများသည် သေဒဏ်ပြစ်ဒဏ်အတွက် ဥပဒေအကူအညီပေးမှု အစီအစဉ်အောက်တွင် တရားခံဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

လူသတ်မှုဖြင့် စီရင်ချက်ချမှတ်ခံရပါက မြန်မာအိမ်အကူအမျိုးသမီးသည် သေဒဏ် သို့မဟုတ် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required