ထိုင်းရှေ့နေများကောင်စီ နှင့် မြန်မာအဖွဲ့တွေ့ဆုံပြီးသည်နှင့် ခိုင်လုံသက်သေတင်ပြခွင့် အယူခံတင်မည်

ထိုင်းရှေ့နေများကောင်စီ နှင့် မြန်မာအဖွဲ့တွေ့ဆုံပြီးသည်နှင့် ခိုင်လုံသက်သေတင်ပြခွင့် အယူခံတင်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ။ ။ ကော့စမွီတရားရုံးက သေဒဏ်ချမှတ်ခဲ့သည့် လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာနှစ်ဦးအတွက် အယူခံကို ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာသံရုံးအဖွဲ့တို့တွေ့ဆုံအပြီး၊ ခိုင်လုံသက်သေတင်ပြခွင့်ပါရေးသားကာ ဘန်ကောက်တရားရုံးသို့ အယူခံတင်မည်ဟု မြန်မာသံရုံးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က ဒီဇင်ဘာ ၂၇ရက်တွင် မဇ္ဈိမကိုပြောသည်။

ထိုင်းရှေ့နေများကောင်စီက အယူခံဝင်မည့်အခြေအနေနှင့် ပက်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ဦးဆောင်သည့် မြန်မာသံရုံးအဖွဲ့၊ စွပ်စွဲခံမြန်မာနှစ်ဦး၏မိဘများနှင့် နေ့လည်တစ်နာရီဘန်ကောက်ရှိ ရှေ့နေများကောင်စီရုံး၌ တွေ့ဆုံကြမည်။

ကော့စမွေခရိုင်တရားရုံးက သေဒဏ်ချမှတ်ခြင်းအပေါ် တစ်ဆင့်မြင့်တရားရုံးဖြစ်သည့် ဘန်ကောက်တရားရုံးသို့ အယူခံခြင်းဖြစ်သည်။ ဘန်ကောက်တရားရုံးအယူခံပြီးပါက၊ ၎င်းးထက်အဆင့်မြင့်သည့် ဗဟိုတရားလွှတ်တော်၊ ထိုင်းဘုရင်းဦးဆောင်ပါဝင်သည့် ထိုင်းဘုရင့်တရားလွှတ်တော်သို့တိုင် အယူခံအဆင့်ဆင့် ဝင်နိုင်သည်။

"အခုချိန်ထိ ပြစ်ဒဏ်ချခံထားရတဲ့ ကလေးနှစ်ယောက်က အပြစ်ကင်းသူအဖြစ် ယုံကြည်စေချင်တယ်။ အယူခံကို ရှေ့နေများကောင်စီနဲ့တွေ့ပြီးတာနဲ့ အယူခံတင်မှာ၊ ခိုင်လုံသက်သေပြခွင့်ပါ တစ်ခါတည်းထည့်ရေးပြီး အယူခံရုံး ခွင့်ပြုတာနဲ့သက်သေတွေ ထပ်တင်မှာ။ အယူခံရင်အခုထက်တစ်ဝက်၊ ဒါမှမဟုတ်လုံးဝလွှတ်မယ့် အနေအထား အထိမှန်းထားတယ်။" ဟု ဦးအောင်မျိုးသန့်က ဆိုသည်။

ကော့စမွီတရားရုံး၌ စစ်ဆေးမှုများပြုလုပ်ရာတွင် မြန်မာအဖွဲ့က တရားလိုတင်ပြသက်သေမျာကို ချေပနိုင်ရန် သက်သေ ၃၀အထိပြင်ဆင်ထားသော်လည်း အမှန်တစ်ကယ်တရားရင်ဆိုင်ရာသို့ သက်သေ ၁၀ဦးသာ၊ လာရောက်ထွက်ဆိုပေးနိုင်ခြင်းကလည်း အမှုအတွက်အခက်အခဲတစ်ခုဖြစ်ခဲ့သည်ဟုလည်း မြန်မာသံရုံးအထူး အဖွဲ့မှသိရသည်။

အယူခံရုံးသို့ သက်သေများထပ်မံတင်ပြခွင့်ရပါက လာရောက်သက်သေထွက်ဆိုပေးမည့်သူများ လုံခြုံရေးကို ရယူနိုင်ရေးဆောင်ရွက်ပေးမည် စီစဉ်မှုများကို လိုအပ်နေသည်ဟုလည်း သိရသည်။

"သက်သေထွက်ပေးမည့်သူတွေက ကျွန်းမှာနေတဲ့သူတွေ၊ တစ်ချို့က တနင်္သာရီမှာ။ တစ်ကယ်ရုံးကိုခေါ်တဲ့အခါ ကျတော့မလာရဲကြတော့ဘူး။ ထိုင်းရဲကိုဆန့်ကျင်ပြီး လာမပြောရဲကြဘူး။ ထိုင်းရဲ့အန္တာရယ်ကို ကြောက်နေကြတယ်။ အယူခံဝင်တဲ့နေရာမှာ သက်သေထပ်တင်ခိုင်းရင်တော့ ရအောင်လုပ်ဖို့ကြိုးစားမယ်။" ဟု ဦးအောင်မျိုးသန့် ကဆိုသည်။

ထိုင်းရဲ၏ မျိုးရိုးဗီဇ(DNA)ရယူခြင်းအပါအဝင် အငြင်းပွားဖွယ် သက်သေများကိုကိုးကားကာ သေဒဏ်ချမှတ်ခံရမှုနှင့် ပက်သက်ပြီး မြန်မာနိုင်ငံ ပြည်သူမျာ၊ ထိုင်းပြည်သူများအပါအဝင် နိုင်ငံတစ်ကာရှိ မြန်မာနိုင်ငံသားများမှ ထိုင်းတရားစီရင်ရေးကို ဆန္ဒပြဝေဖန်ကန့်ကွက်မှုများရှိနေသည်။

လိပ်ကျွန်းအမှုကို ကော့စမွီတရားရုံးက တစ်နှစ်ကျော်ကြာစစ်ဆေးခဲ့ပြီး ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၂၄ရက်တွင် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly