အီရတ်ဝန်ကြီးချုပ် ဒရုန်းနဲ့ လုပ်ကြံခံရမယ့် အရေးကနေ လွတ်မြောက်ခဲ့

အီရတ်ဝန်ကြီးချုပ် ဒရုန်းနဲ့ လုပ်ကြံခံရမယ့် အရေးကနေ လွတ်မြောက်ခဲ့
Photo - AFP

နိုဝင်ဘာ ၇

အီရတ်နိုင်ငံမှာ ဝန်ကြီးချုပ် မူစတာဖာ အယ်လ် ကက်ဒ်ဟီမီကို ဒရုန်းနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတစ်ခု ပေါ်ပေါက်ခဲ့ပြီး ယင်းဖြစ်စဉ်မှာ ဝန်ကြီးချုပ်ဟာ မထိမခိုက်ဘဲ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ယင်းနိုင်ငံမှာ နိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေချိန် နိုဝင်ဘာ ၇ ရက် အစောပိုင်းက ဝန်ကြီးချုပ်နေအိမ်ကို ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ဒရုန်းတစ်စင်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတစ်ခု ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပြီးနောက် ၎င်းဟာ မထိမခိုက်ဘဲ ရှိနေကြောင်း အီရတ်ဝန်ကြီးချုပ်က ပြောခဲ့ပြီး ပြည်သူတွေ "တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်သည်းခံကြဖို့" ပန်ကြားခဲ့ပါတယ်။

ဘဂ္ဂဒက်မြို့ရဲ့ အစိမ်းရောင်ဇုန်မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကတော့ ယင်းနိုင်ငံမှာ ၂၀၂၀ မေလနောက်ပိုင်း အာဏာရနေခဲ့တဲ့ ကက်ဒ်ဟီမီရဲ့ နေအိမ်ကို ပစ်မှတ်ထားတဲ့ ပထမဆုံးတိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ အီရတ်ရဲ့ နိုင်ငံရေးပါတီတွေကတော့ နောက်အစိုးရကို ဘယ်သူက ဦးဆောင်သွားမလဲ ဆိုတာနဲ့ပတ်သက်လို့ အကြိတ်အနယ် ငြင်းခုံမှုတွေ ရှိနေပါတယ်။

ရွေးကောက်ပွဲမှာ အီရန် လိုလားတဲ့ ဟာရှက်ဒ် အယ်လ် ရှာဘီ ပြည်သူ့စစ်ကွန်ရက်ရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ ဖာတာ မဟာမိတ်အဖွဲ့က ပါလီမန်အမတ်နေရာတွေ အများအပြား ဆုံးရှုံးမှုဖြစ်ခဲ့ပြီးနောက် ယင်းအုပ်စုက ရွေးကောက်ပွဲရလဒ်ကို "အတုအယောင်"အဖြစ် ရှုတ်ချခဲ့ပါတယ်။

နိုဝင်ဘာ ၇ ရက် တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ တာဝန်ခံ မထုတ်ဖော်သေးပါဘူး။ ယင်းတိုက်ခိုက်မှုကြောင့် ဝန်ကြီးချုပ်အိမ်တော်က ကိုယ်ရံတော်နှစ်ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

"ကျွန်တော် အဆင်ပြေနေပါတယ်၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပါ၊ အီရတ်နိုင်ငံရဲ့ ကောင်းကျိုးအတွက် အားလုံး တည်တည်ငြိမ်ငြိမ် ရှိကြဖို့နဲ့ ထိန်းသိမ်းသည်းခံကြဖို့ ကျွန်တော် ပန်ကြားချင်ပါတယ်" လို့ ဝန်ကြီးချုပ် ကက်ဒ်ဟီမီက တွစ်တာမှာ ရေးခဲ့ပါတယ်။

"သူရဲဘောကြောင်တဲ့ ဒုံးကျည်၊ ဒရုန်း တိုက်ခိုက်မှုတွေနဲ့ နိုင်ငံကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး" လို့လည်း ၎င်းက ပြောပါတယ်။

ဒီမတိုင်မီ ဝန်ကြီးချုပ်နေအိမ် ဒရုန်းတိုက်ခိုက်မှုကို "မအောင်မြင်ခဲ့တဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတစ်ခု" အဖြစ် ဝန်ကြီးချုပ်ရုံးက ထုတ်ဖော်ခဲ့ပါတယ်။

ဒီ တိုက်ခိုက်မှုအပေါ် အမေရိကန်က ချက်ချင်း ပြစ်တင်ရှုတ်ချခဲ့ပြီး အီရတ်ဝန်ကြီးချုပ် ဘေးကင်းကြောင်း သိရတဲ့အတွက် စိတ်သက်သာမိကြောင်း ပြောခဲ့ပါတယ်။

"ဒါက သိသာတဲ့ အကြမ်းဖက်လုပ်ရပ်တစ်ခုဖြစ်ပါတယ်၊ ဒီအပေါ်မှာ အပြင်းအထန် ရှုတ်ချပါတယ်၊ ဒါဟာ အီရတ်နိုင်ငံရဲ့ အဓိကဗဟိုကို ချိန်ရွယ်ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်" လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က ပြောပါတယ်။

"အီရတ်နိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းဖို့ တာဝန်ရှိတဲ့ အီရတ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ ကျွန်တော်တို့အနီးကပ် လုပ်ဆောင်နေပါတယ်၊ ဒီတိုက်ခိုက်မှုကို သူတို့ စုံစမ်းစစ်ဆေးရာမှာ ကျွန်တော်တို့ အကူအညီပေးသွားမှာဖြစ်ပါတယ်" လို့ ၎င်းက ပြောခဲ့ပါတယ်။

အမေရိကန် သံရုံး ရှိပြီး မကြာခဏဆိုသလို ဒုံးကျည်တိုက်ခိုက်မှုတွေနဲ့ ပစ်မှတ်ထားခံရတဲ့ လုံခြုံရေးတင်းကျပ်ထားတဲ့ အစိမ်းရောင်ဇုန်အတွင်းနဲ့ အနီးဝန်းကျင်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အများအပြားကို တပ်ဖြန့်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly