ချင်းမိုင်က နယ်စပ်ရွာတစ်ရွာတွင် တရားမဝင် မြန်မာရွှေ့ပြောင်းဝင်ရောက်သူ ၂၃ ဦး အဖမ်းခံရ 

ချင်းမိုင်က နယ်စပ်ရွာတစ်ရွာတွင် တရားမဝင် မြန်မာရွှေ့ပြောင်းဝင်ရောက်သူ ၂၃ ဦး အဖမ်းခံရ 

နိုဝင်ဘာ ၆

ချင်းမိုင်က နယ်စပ်ရွာတစ်ရွာတွင် ခြေလျင်သွားလာနေကြသော မြန်မာရွှေ့ပြောင်းသူ ၂၃ ဦးကို ယမန်နေ့က ဖမ်းဆီးမိကြောင်း အမှတ် ၄ အထူး ခြေလျင်တပ်မှ ဗိုလ်မှူးကြီး ဝီရချိုင်က ပြောသည်။ 

ထို ဖမ်းဆီးမိသူများတွင် အမျိုးသားက ၁၁ ဦး၊ အမျိုးသမီး ငါးဦးနှင့် ကလေးငယ် ခုနစ်ဦးသို့ ပါဝင်ကြောင်း ဘန်ကောက်ပို့စ်သတင်းက နိုဝင်ဘာ ၆ ရက်တွင် ဖော်ပြသည်။ 

တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ နောက်ကွယ်မှ လူမှောင်ခိုကုန်ကူးသည့် ဂိုဏ်းများကို စုံစမ်းဖော်ထုတ်ရန် ထိုင်းဝန်ကြီးချုပ်က အမိန့်ထုတ်လိုက်ပြီးနောက် အိမ်နီးချင်း မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သူများအား ပိုမို ဖမ်းဆီးမိလာခဲ့သည်။ 

မူးယစ် မှောင်ခိုမှုများနှင့် တရားဝင် ရွှေ့ပြောင်းအလုပ်သမားများ စီးဝင်မှု ရပ်တန့်ရေး ပုံမှန်စစ်ဆင်ရေးအဖြစ် ကင်းလှည့်ချိန်၌ ယခု မြန်မာအုပ်စုကို ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ဝီရချိုင်က ပြောသည်။ 

အဆိုပါ ရွှေ့ပြောင်းဝင်ရောက်သူများက ချင်းမိုင်တွင် အလုပ်ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များအား ပြောကြသည်။ 

နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် သီးခြားဖြစ်စဉ် နှစ်ရပ်တွင် ကမ္ဘောဒီးယားမှ ရွှေ့ပြောင်းဝင်ရောက်သူ ၄၆ ဦးကိုလည်း ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။  

နယ်စပ်ကို ခိုးဝင်ရောက်ရန် ပွဲစားများအား တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၆၀၀၀ မှ ၉၀၀၀ ကြား ပေးရသည်ဟု ၎င်းတို့က ပြောကြသည်။ 

ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်သည့် ရွှေ့ပြောင်းဝင်ရောက်သူများ များပြားလာခြင်းကြောင့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက နယ်စပ်လုံခြုံရေးကို အရှိန်မြှင့်ရန်နှင့် လူမှောင်ခိုကူးမှုများကို ခြေရာခံရန် အမိန့်ထုတ်ထားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required