ကပ်ရောဂါတိုက်ဖျက်ရေးအတွက် IMF က မြန်မာသို့ ပေးပို့ခဲ့သည့် ဒေါ်လာသန်းပေါင်းများစွာ စစ်ကောင်စီလက်အတွင်း ပျောက်ဆုံးနေ

ကပ်ရောဂါတိုက်ဖျက်ရေးအတွက် IMF က မြန်မာသို့ ပေးပို့ခဲ့သည့် ဒေါ်လာသန်းပေါင်းများစွာ စစ်ကောင်စီလက်အတွင်း ပျောက်ဆုံးနေ

နိုဝင်ဘာ ၄

မြန်မာတွင် COVID-19 တတိယလှိုင်းတစ်ခုကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေရချိန် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံသို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ပေးပို့ထားခဲ့သည့် ဒေါ်လာသန်းပေါင်းများစွာသည် ယခုအခါ အာဏာသိမ်းစစ်ကောင်စီ လက်အတွင်း ပျောက်ဆုံးနေသည်။

မြန်မာတွင် ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု မတိုင်မီ ရက်ပိုင်းအလိုတွင် IMF က ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကူညီရန် နေပြည်တော်ရှိ အာဏာပိုင်များထံသို့ ဒေါ်လာ ၃၇၂ သန်း လွှဲပြောင်းပေးပို့ခဲ့သည်။ သို့သော် ယင်းနောက် ရှစ်လအကြာ IMF ပြောရေးဆိုခွင့်ရှိသူ ဂယ်ရီ ရိုက်စ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားရာတွင် "အာဏာသိမ်းစစ်ကောင်စီဟာ COVID-19 ကို တိုက်ဖျက်ဖို့နဲ့ ခုခံနိုင်စွမ်းအနည်းဆုံး ပြည်သူတွေကို ထောက်ကူဖို့အတွက် ဒီငွေကြေးတွေကို အမှန်တကယ် သုံးနေသလား ဆိုသည်ကို IMF ဘက်က သေချာအောင် လေ့လာစိစစ်ရန် မဖြစ်နိုင်" ဟု ပြောခဲ့သည်။

ပြဿနာ၏ ကြီးမားသည့် အပိုင်းက စစ်ကောင်စီသည် ယခင်ရွေးကောက်ခံ အရပ်သားအစိုးရလိုမျိုး ပွင့်လင်းမြင်သာမှု မရှိခြင်းပင်ဖြစ်သည်။ IMF သည် ၂၀၂၀ ဇွန်လတွင် မြန်မာနိုင်ငံသို့ COVID-19 တိုက်ဖျက်ရေး အကူအညီရန်ပုံငွေ ပထမအသုတ်အဖြစ် ဒေါ်လာ ၃၅၆ သန်း ကို ပေးပို့ခဲ့ချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရက မြန်မာငွေ ကျပ်သန်း ၁၀၀ ကျော် (ထိုစဉ်အချိန်က ဒေါ်လာ ၇၂,၀၀၀ ခန့်) သည့် တန်ဖိုးရှိ ဝယ်ယူမှု ကန်ထရိုက်မှန်သမျှကို စီမံကိန်း၊  ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်တွင် ထုတ်ဖော်အသိပေးရန် သဘောတူခဲ့သည်။

အခြားသတ်မှတ်ချက်များတွင် COVID-19 နှင့် ဆက်နွယ်သည့် အားလုံးသော ရင်းနှီးငွေများနှင့်ပတ်သက်ပြီး လေးလပတ် အွန်လိုင်းအစီရင်ခံစာများ ထုတ်ပြန်ခြင်းနှင့် မြန်မာနိုင်ငံ စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်မှု တို့လည်း ပါဝင်ခဲ့သည်။

စုစုပေါင်း ဒေါ်လာ ၇၂၈ သန်းကျော်ရှိ ချေးငွေနှစ်ခုစလုံးကို ဝင်ငွေနည်း နိုင်ငံများအတွက် IMF ၏ ပရိုဂရမ်များအောက်တွင် ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ "ကျန်းမာရေးစောင့်ရှောက်မှု ငွေသုံးစွဲမှု တိုးမြှင့်ရန်၊ အခွန် သက်သာမှု အစီအမံများနှင့် ခုခံနိုင်စွမ်း အားနည်းသည့် အိမ်ထောင်စုများထံ လွှဲပြောင်းပေးမှုများ" အတွက် အထူး ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ငွေကြေးများ၏ သုံးပုံတစ်ပုံသည် Rapid Credit Facility ချေးငွေအလျင်အမြန် ချထားပေးရေးအစီအစဉ်မှ လာခြင်းဖြစ်ပြီး ယင်းတွင် အတိုးနှုန်းဇီးရိုးဖြင့် ကနဦး အတိုးမဲ့ကာလ ၅ နှစ်ခွဲ ပြီးနောက် ၁၀ နှစ်ကျော်အတွင်း အပြည့်အဝ ပြန်ဆပ်ရန် လိုသည်။ ကျန်ငွေများကို အရေးပေါ်ဆိုင်ရာ ချေးငွေပေးမှုအစီအစဉ် Rapid Financing Instrument အောက်တွင် ပံ့ပိုးခြင်းဖြစ်ပြီး ယင်းတွင် ကနဦး အတိုးမဲ့ကာလ ၃ နှစ် ၃ လ ဖြစ်ပြီး ယင်းနောက် IMF ၏ အခြေခံ အတိုးနှုန်း အပြင် ထပ်တိုး ဝန်ဆောင်ခ တို့နှင့်အတူ ပေးဆပ်မှုကာလ ၅ နှစ်ဖြစ်သည်။

သို့သော် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတွင် အာဏာသိမ်းပြီးနောက် မည်သည့် ဝယ်ယူမှု အစီရင်ခံစာကိုမှ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ ဇန်နဝါရီ ၂၉ ရက်က နောက်ဆုံးထုတ်ပြန်အစီရင်ခံစာသည် လက်ရှိ ထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ NLD ဦးဆောင်သော အစိုးရက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခင် ရွေးကောက်ခံအစိုးရသည် IMF ၏ ငွေကြေးများကို လက်အိတ်များ၊ နှာခေါင်းစည်းများနှင့် အက်စပရင် တို့အပါအဝင် အခြားဆေးဘက်ပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုခဲ့သည်။

အာဏာသိမ်းပြီးနောက် စီမံကိန်းဝန်ကြီးဌာန၏ ပထမဆုံးသော ကပ်ရောဂါနှင့် ဆက်စပ်သည့် သတင်းထုတ်ပြန်ချက်တွင် နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်၌ COVID-19 ကာကွယ်ဆေးရန်ပုံငွေတစ်ရပ်ကို ဖော်ပြထားပြီး စာရင်းလက်ကျန်များအဖြစ် ကျပ် ၃၀ ထရီလီယံ (ထိုစဉ်အချိန်က ဒေါ်လာ ၂၂ သန်းခန့်) နှင့် ဒေါ်လာ ၁၇၈ သန်း၊ စုစုပေါင်း ကန်ဒေါ်လာ သန်း ၂၀၀ သာလျင် ရှိနေခဲ့သည်။ အစောပိုင်း သီတင်းပတ်အနည်းငယ်ကမှ ရထားခဲ့သည့် ကျန်ရှိသည့် IMF ၏ ငွေကြေး ဒေါ်လာ ၁၇၁ သန်းခန့် နှင့်ပတ်သက်ပြီး တစုံတရာ ဖော်ပြထားခဲ့ခြင်း မရှိပေ။ ယင်းနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနက မှတ်ချက်ပေးရန် ပန်ကြားချက်ကို ငြင်းဆန်ခဲ့သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးအစီရင်ခံစာ တင်သွင်းသူ တွန် အန်ဒရူးစ်က "အာဏာသိမ်းစစ်ကောင်စီသည် အာဏာသိမ်းမှုမတိုင်မီ ရက်ပိုင်းအလိုက မြန်မာပြည်သူများအတွက် IMF က ထောက်ပံ့ပေးထားခဲ့သော ကပ်ရောဂါအကူအညီငွေ ဒေါ်လာ သန်း ၃၅၀ အတွက် တာဝန်ခံရလိမ့်မည်" ဟု ပြီးခဲ့သည့် ဇူလိုင်လက ပြောထားခဲ့သည်။

ယင်းသည် မြန်မာစစ်တပ် အာဏာပိုင်တို့က နိုင်ငံခြားအကူအညီများကို အလွဲသုံးစားလုပ်မှုနှင့်ပတ်သက်ပြီး မေးခွန်းများနှင့် ရင်ဆိုင်ရခြင်းမှာ ယခုတကြိမ်သည် ပထမဆုံးတော့ မဟုတ်ပေ။ မြန်မာစစ်တပ်တာဝန်ရှိသူများသည် ဆိုင်ကလုန်း နာဂစ် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရည်ရွယ်သော ငွေကြေးများကိုလည်း သိမ်းယူခဲ့ပြီး ပစ္စည်းများကို ပြည်တွင်း ဈေးကွက်များထဲ ရောင်းချထားသည်ကို ၂၀၀၉ ခုနှစ်က John Hopkins တက္ကသိုလ်မှ သုတေသီများက စုံစမ်းတွေ့ရှိခဲ့သည်။

တချိန်တည်းမှာပင် နိုင်ငံတွင် COVID-19 အခြေအနေသည် သေရေရှင်ရေးတမျှ ဖြစ်နေခဲ့သည်။ အောက်တိုဘာ ၁၇ ရက်အထိ မြန်မာလူဦးရေ ၅၃ သန်းအနက် ၈ ဒသမ ၅ ရာခိုင်နှုန်းသာလျင် ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးထားသည်။ အာဏာသိမ်းစစ်ကောင်စီသည် ရုရှားနှင့် တရုတ်တို့၏ အကူအညီဖြင့် ကာကွယ်ဆေးများကို ပြည်တွင်း၌ ထုတ်လုပ်ရန် စီစဉ်နေပြီး စစ်ကောင်စီသည် တရုတ်ထံမှ ကာကွယ်ဆေးအလုံးရေ ထပ်တိုး ၂၄ သန်းကိုလည်း ဝယ်ယူထားခဲ့သည်။

ကူးစက်မှုနှုန်းသည် တရားဝင်ကိန်းဂဏန်းများထက် အတော်ပင် ပိုများနေမည်ဟု ယုံကြည်ရပြီး ဆေးရုံ အထောက်အပံ့ ပစ္စည်းအင်အား မလုံလောက်မှုကြောင့် ကူးစက်ခံလူနာများသည် နေအိမ်မှာပင် မိမိတို့ ကိုယ်တိုင် ကြည့်ရှုစောင့်ရှောက်ခဲ့ကြရသည်။ ကူးစက်မှုဖြစ်စဉ်များသည် နိုင်ငံတဝန်း မြို့များအနက် ၉၀ ရာခိုင်နှုန်းတွင် တွေ့ရှိထားခဲ့ရပြီး မီးသင်္ဂြိုဟ်ရုံများတွင် မနိုင်မနင်းဖြစ်ပြီး ပြည့်လျှံမှုများ ရှိနေခဲ့သည်။

IMF ၏ ငွေကြေးများ ပျောက်နေသော်ငြား အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ဆေးများ ထပ်မံ လှူဒါန်းပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့သလို မြန်မာသည် အာဆီယံ COVID-19 ရန်ပုံငွေ ရရှိနိုင်ရေးလည်း ကြိုးပမ်းနေသည်။

IMF သည် လက်ရှိတွင် မြန်မာစစ်အုပ်စုနှင့် ချိတ်ဆက်ပတ်သက်နေခြင်း မရှိပေ။ ကပ်ရောဂါအကူအညီငွေပမာဏ နှစ်ဆတိုးပေးရေး ဆွေးနွေးမှုများသည်လည်း အာဏာသိမ်းပြီးနောက် ရပ်ဆိုင်းထားခဲ့သည်။ မြန်မာသည် ကန်ဒေါ်လာ သန်း ၇၀၀ တန်ဖိုးရှိ IMF ၏ အထူးငွေထုတ်ယူခွင့် (SDRs) များကို ရယူနိုင်ခွင့်ကနေလည်း ပိတ်ပင်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required