အခမဲ့ပညာရေးစနစ်ကတိပြုပြီးမလုပ်နိုင်ကအကျိုးမရှိဟု ဒေါ်အောင်ဆန်းစုကြည်ရှင်း

အခမဲ့ပညာရေးစနစ်ကတိပြုပြီးမလုပ်နိုင်ကအကျိုးမရှိဟု ဒေါ်အောင်ဆန်းစုကြည်ရှင်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ။ ။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နှင့် အဓိကသဘောထားကွဲလွဲနေသည့် အချက် ၄ချက်မှ အခမဲ့ပညာရေးစနစ်ကို ကတိပြုပြီး အကောင်အထည်မဖော်နိုင်က အကျိုးမရှိဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ သဘောထားကို ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၂၆ရက်တွင်ရှင်းလင်း ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၆ရက်၊ နံနက် ၁၀နာရီ၊ တောင်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်သည့် အနှေးယာဉ်လုပ်သားများ အားဂုဏ်ပြုတွေ့ဆုံပွဲတွင် NNER နှင့် NLD တို့အဓိက သဘောထားမတူညီသည့်အချက် ၄ခုမှ အခမဲ့ပညာရေး စနစ်နှင့် ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကရှင်းလင်းခဲ့ခြင်းဖြစ်သည်။

"အမျိုးသားပညာရေးဥပဒေနဲ့ပက်သက်ပြီး ပြဿနာတွေဖြစ်ခဲ့တယ်၊ အဲဒီထဲကတစ်ခုကအခမဲ့ပညာရေးထည့် ရမယ်လို့တောင်းဆိုတာရှိတယ်။ ကျွန်မတို့ကမထည့်ဘူး။ အခမဲ့ပညာရေးစနစ်ဖြစ်ရမယ်ဆိုတာမဖြစ်နိုင်တဲ့ကိစ္စ၊ ဦးတည်မယ်ဆိုတော်ပြီ၊ ကိုယ့်မှာပိုက်ဆံမရှိပဲ၊ မလုပ်နိုင်ပဲနဲ့လုပ်ပေးမယ်ဆိုပြီးလုပ်ပေးလို့မရတာအကျိုးမရှိဘူး။ ်ပြည်သူတွေယုံကြည်မှုကို ဆုံးရှုံးမယ်။" ဟု ၎င်းကပြောသည်။ 

ပညာရေးဥပဒေအပေါ် NNER ၏ မူဝါဒများဖြစ်သည့် မသင်မနေရ ပညာရေးစနစ်ကို ၉ နှစ်အထိ ထားရှိရန်၊ တိုင်းရင်းသားဘာသာစကား သင်ကြားခွင့်ကိုကျောင်းအလိုက် စီမံခန့်ခွဲဆုံးဖြတ်ခွင့်၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး နှင့် ကျောင်းသားသမဂ္ဂများဖွဲ့စည်းရေးတို့တွင် NLD နှင့် အဓိကကွဲလွဲနေသည်ဟု NNER ခေါင်းဆောင် ဒေါက်တာသိန်းလွင်က ဒီဇင်ဘာ ၁၄ရက်၊ NNER ကဦးဆောင်ကျင်းပသည့် ပညာရေးဆိုင်ရာအလုပ်ရုံဆွေးနွေး ပွဲတွင်ပြောကြားခဲ့သည်။

ပညာရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အင်းစိန်မျက်မမြင်ကျောင်း(ခဝဲခြံ) ၌ ဒီဇင်ဘာ ၁၄ရက်မှ ၁၅ရက်အထိ ၂ရက်ကြာပြုလုပ်ခဲ့သည်။

အဆိုပါကွဲလွဲမှုများနှင့် ပက်သက်ပြီးလည်း NLD ပါတီကအစိုးရအဖွဲ့ဖွဲ့စည်း တာဝန်ယူနိုင်သည့် အချိန်တွင်ဆက်လက်ဆွေးနွေးသွားရန်လည်း ရည်ရွယ်ထားသည်ဟု NNER  မှသိရသည်။

ပညာရေးကွန်ယက်အဖွဲ့ဝင်လည်းဖြစ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင်လည်းဖြစ်သူ ဒေါက်တာ ဘိုင်အို(ဦးစိုးဝင်းဦး)၊ က "NLD ရဲ့ပညာရေးမူဝါဒကလွတ်လပ်ခွင့်၊ အမျိုးသားတိုင်းရဲ့သရုပ်လက္ခဏာတွေကိုခွင့်ပြုတယ်။ NLD က တိုင်းပြည်ရဲ့လိုအပ်ချက်ကိုအခြေခံတယ်၊ အခုပြောနေတဲ့ကွဲလွဲချက်တွေဆိုတာ အနှစ်သာရအရကွဲလွဲမှုမကြီးပါ ဘူး။ ဒါတွေကိုဆွေးနွေးချင်တယ်ဆိုရင်လည်း လွှတ်တော်အသစ်မှာ အရပ်ဖက်အဖွဲ့တွေ့အားလုံးက တင်ပြ ဆွေးနွေးနိုင်တာပဲ။" ဟု ဒီဇင်ဘာ ၂၆တွင်မဇ္ဈိမကိုပြောသည်။

NLD ၏ ပညာရေးမူဝါဒကို အများသူငှာသို့ ရွေးကောက်ပွဲကြေညာစာတမ်း၊ ပါတီမူဝါဒစည်းမျဉ်းစာအုပ်များတွင် အတိအလင်းကြေညာထားပြီးသားလည်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်က ၂၀၁၅ခုနှစ်၊ နှစ်စပိုင်းတွင်ပြဋ္ဌာန်းခဲ့သည့် အမျိုးသားပညာရေးဥပဒေကို NNER အပါအဝင် ကျောင်းသားများက သပိတ်မှောက်ခဲ့သဖြင့် NNER ၊ သပိတ်မှောက်ကျောင်းသားများ၊ အစိုးရနှင့် လွှတ်တော်တွင် ၄ပွင့်ဆိုင်ဆွေးနွေးခဲ့ကြသေးသည်။ 

ယင်းဆွေးနွေးမှုမှရရှိသည့်အချက်များဖြင့် ပြည်ထောင်စု လွှတ်တော်က ၂၀၁၅ခုနှစ်၊ ဇွန်လအတွင်း အဆိုပါဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags