ကဘူးလ် စစ်ဆေးရုံကို အိုင်အက်စ် အသေခံတိုက်ခိုက်၍ ၁၉ ဦး သေဆုံး 

ကဘူးလ် စစ်ဆေးရုံကို အိုင်အက်စ် အသေခံတိုက်ခိုက်၍ ၁၉ ဦး သေဆုံး 

နိုဝင်ဘာ ၃

တာလီဘန်တွေ အာဏာသိမ်းပြီးနောက်ပိုင်း နောက်ဆုံးဖြစ်ပွားတဲ့ ရက်စက်တဲ့ တိုက်ခိုက်မှုအဖြစ် ကဘူးလ်မြို့တော်က စစ်ဆေးရုံကို အသေခံတိုက်ခိုက်မှုမှာ လူ ၁၉ ဦး သေဆုံးပြီး ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာရပါတယ်။ 

မြို့တော်လယ်က အဲဒီနေရာကို သေနတ်ပစ် တိုက်ခိုက်တာ၊ ဗုံးခွဲတိုက်ခိုက်တာတွေဟာ မိမိတို့လက်ချက်ဖြစ်တယ်ဆိုပြီး တာလီဘန်ရဲ့ ပြိုင်ဖက် အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့က အတည်ပြုပြောပါတယ်။ 

“ဟိုတစ်စ သည်တစ်စ နေရာတွေကို အိုင်အက်စ်အုပ်စု တိုက်ခိုက်ရေးသမား ငါးဦးက တိုက်ခိုက်မှုတွေ ဆင်နွှဲခဲ့တာ ဖြစ်တယ်”လို့ အိုင်အက်စ်အဖွဲ့ရဲ့ အာဖဂန်နစ္စတန် လက်ခွဲဂိုဏ်း အိုင်အက်စ်-ကေအဖွဲ့က ပြောပါတယ်။ 

“အိုင်အက်စ် သောင်းကျန်းသူတွေဟာ ဆေးရုံထဲက အရပ်သားတွေ၊ ဆရာဝန်တွေနဲ့ လူနာတွေကို ပစ်မှတ်ထားလိုတာ ဖြစ်တယ်”ဆိုပြီး တာလီဘန်ပြောခွင့်ရသူ ဇာဘူလာရှ် မူဂျာဟစ်က ပြောပြီး တာလီဘန်တပ်တွေဟာ တိုက်ခိုက်မှုကို ၁၅ မိနစ်အတွင်း တန်ပြန်ချေမှုန်းလိုက်တယ်လို့ အတည်ပြုဆိုပါတယ်။ 

တန်ပြန်တိုက်ခိုက်ရေးတစ်ရပ်အဖြစ် တာလီဘန် “အထူးတပ်ဖွဲ့” က ရဟတ်ယာဉ်တစ်စင်းပေါ်ကနေ ဆေးရုံခေါင်မိုးပေါ် ဆင်းသက်ပြီး စစ်ဆင်ရေးဆင်နွှဲခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ အမေရိကန် ကျောထောက်နောက်ခံတဲ့ အာဖဂန်နစ္စတန် အရင် အစိုးရထံက သိမ်းဆည်းရမိတဲ့ ရဟတ်ယာဉ်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ 

စစ်ဆေးရုံ ဂိတ်ပေါက်မှာ အသေခံဗုံးခွဲသမား ဗုံးဖောက်ခွဲတာကနေ တိုက်ခိုက်မှုစတင်ဖြစ်ပွားခဲ့တာပါ။ ဒီနောက်မှာ လက်နက်ကိုင်တွေဟာ ဆေးရုံထဲ ချိုးဖောက်ဝင်ရောက်ပြီး ပစ်ခတ်တာ ဖြစ်ပါတယ်။  

“ရုပ်အလောင်း ၁၉ လောင်းနဲ့ ဒဏ်ရာရသူ ၅၀ လောက်ကို ကဘူးလ်က ဆေးရုံတွေဆီ ပို့ဆောင်ထားပါတယ်”လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို အမည်မဖော်ဘဲ ပြောပါတယ်။ 

သေဆုံးသူနှုန်းကို မူဂျာဟစ်က ဖော့လျှော့ပြောပေမယ့် ဆေးရုံအပြင်ဖက်မှာ တာလီဘန် တိုက်ခိုက်ရေးသမား နှစ်ဦး၊ အမျိုးသမီးနှစ်ဦးနဲ့ ကလေးငယ်တစ်ဦး သေဆုံးရကြောင်း အတည်ပြုဆိုပါတယ်။ 

တိုက်ခိုက်မှု ဖြစ်ချိန် ဆေးရုံမှာ ပိတ်မိနေခဲ့တဲ့ ဆိုတဲ့ အမျိုးသမီးတစ်ဦးက အေအက်ဖ်ပီကို ပြောရာမှာ သူနဲ့ သူ့သူငယ်ချင်းဖြစ်သူတို့ အသက်သေဆုံးရတော့မှာကို ကြောက်ရွံ့နေခဲ့ရကြောင်း ပြောဆိုပါတယ်။ 

“ကျွန်မတို့ ဘဝကတော့ အဆုံးသတ်ပြီဆိုပြီး ကြောက်လန့်နေခဲ့မိတယ်၊ ဝင်ပေါက်တံခါးမှာ ပေါက်ကွဲတာ ဖြစ်တယ်”လို့ ကဗျာဆရာမနဲ့ စာရေးဆရာမတစ်ဦးဖြစ်တဲ့ ရိုဝါနာ ဒါဝါရီက အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly