ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်များ စစ်ကောင်စီနှင့်တွေ့ဆုံ

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်များ စစ်ကောင်စီနှင့်တွေ့ဆုံ

နိုဝင်ဘာ ၂

ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးနှင့် ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး အတွက်ဟုဆိုကာ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် စစ်ကောင်စီတို့ နိုဝင်ဘာ ၁ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။

အကြမ်းဖက် စစ်ကောင်စီက ဖိတ်ကြားခဲ့၍ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှ ဗိုလ်ချူပ်ကြီး ရာပြည့် ဦးဆောင်သည့်အဖွဲ့နှင့် ဘာသာရေးအဖွဲ့အစည်းခြောက်ဖွဲ့မှ ကိုယ်စားလှယ်များ၊ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) ကိုယ်စားလှယ်တို့ တွေ့ဆုံ ခဲ့ကြခြင်းဖြစ်သည်။

“တိုက်ပွဲ ဖြစ်တာက ဖြစ်တာပေါ့လေ။ ငြိမ်းချမ်းရေးအတွက်က ဆက်လုပ်နိုင်အောင်ပေါ့။ ပြည်တွင်း ရွေ့ပြောင်းနေထိုင်သူ (IDP) တွေ၊ နေရပ်ပြန်ဖို့ အခက်အခဲ ဖြစ်နေတာ အတွက်ကြောင့် ငြိမ်းချမ်းရေး ရရှိဖို့အတွက် ပထမအဆင့်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာမျိုး ဆွေးနွေးတာပါပဲ” ဟု PCG အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဖြစ်ပွားနေသည့်တိုက်ပွဲများ၊ NUG နှင့် ပတ်သက်သည့် နိုင်ငံရေး အခြေအနေများကိုမူ ဆွေးနွေးခဲ့ခြင်းမရှိဟု ၎င်းကဆိုသည်။

ယခင် ရှိခဲ့ပြီးသား ဆွေးနွေးမှုများ၏ နောက်ဆက်တွဲ အဖြစ် IDP များအရေး သွားရောက်တွေ့ဆုံ ခဲ့ကြခြင်း ဖြစ်ကာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ သဘောထားလည်းမပါဝင်ကြောင်း သိရသည်။

သို့သော် ယခု တွေ့ဆုံမှုတွင် ပါဝင်သည့် ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) သည် လူထုအပေါ် ဩဇာရှိသည့် အဖွဲ့ဖြစ်ပြီး PCG သည်လည်း အာဏာမသိမ်းခင်ကာလ၌ KIA နှင့် စစ်ကောင်စီတို့ အကြား တိုက်ပွဲများလျော့ကျရေး လုပ်ဆောင်ခဲ့သည့် ကြားခံအဖွဲ့အစည်းဖြစ်သည်။

ကချင်ပြည်နယ်မှ နေရပ်စွန့်ခွာခဲ့ရသည့် ပြည်သူ တစ်သိန်းကျော်အတွက် နေရာချထားရေး ဆွေးနွေးသည်မှာ ကောင်းမွန်သည့် လုပ်ရပ် ဖြစ်သော်လည်း နိုင်ငံရေးအရ ကြည့်မည်ဆိုပါက အခြေအနေနှင့် မကိုက်ညီကြောင်း ထောက်ပြစရာဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

“သူ့ရဲ့ အဓိကလုပ်ငန်းကတော့ စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ စစ်ကောင်စီနဲ့ အဓိက ရည်ရွယ်တဲ့ လုပ်ငန်းလို့ ကျွန်တော် ယူဆပါတယ်။ အဲဒါ ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့ဘာမှလည်း အဖြေထွက်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲတွေက အနှံ့အပြား ဖြစ်နေတာကို” ဟု ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။

ယခု တွေ့ဆုံမှုနှင့် ပတ်သက်၍ မှတ်ချက် တောင်းခံရန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထံ မဇ္ဈိမက ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းအဆက်အသွယ် မရရှိခဲ့ပေ။

သို့သော် KIO အနေဖြင့် အာဏာရှင် ဆန့်ကျင်သော မည်သည့် အဖွဲ့အစည်းနှင့်မဆို လက်တွဲသွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက အောက်တိုဘာ ၂၅ ရက်တွင် ကျရောက်ခဲ့သည့် KIO (၆၁) နှစ်ပြည့် အထိမ်းအမှတ်နေ့ ဥက္ကဋ္ဌ မိန့်ခွန်းတွင် ဆိုထားသည်။

ဓာတ်ပုံ- ကချင်ပြည်နယ်တွင်းမှစစ်ရှောင်စခန်းတစ်ခုကို ၂၀၁၂ ခုနှစ်က မြင်တွေ့ရစဉ်။ EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required