လူမဆန်စွာ နှိပ်စက်ခံရသည့် LGBT မစောဟန်နွေဦးအရေး လူ့အခွင့်အရေးအဖွဲ့ များ နှုတ်ဆိတ် မနေသင့် ဟုဆို

လူမဆန်စွာ နှိပ်စက်ခံရသည့် LGBT မစောဟန်နွေဦးအရေး လူ့အခွင့်အရေးအဖွဲ့ များ နှုတ်ဆိတ် မနေသင့် ဟုဆို

အောက်တိုဘာ ၂၈

မန္တလေးမြို့ မှ LGBT စာရေးဆရာမ မစောဟန်နွေဦးကို အကြမ်းဖက် စစ်ကောင်စီက စစ်ကြောရေး စခန်းတွင် လူမဆန်စွာနှိပ်စက်မှုအား ကန့်ကွက်ရှုတ်ချကြောင်း နှင့် ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေး အဖွဲ့များက နှုတ်ဆိတ် မနေသင့်ဟု LGBT Union - Mandalay က ထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၂၈ ရက် ရက်စွဲဖြင့် သတင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

“သူပြောတာက သူကို စက်တင်ဘာလ ၆ ရက် နေ့ခင်းမှာ ဖမ်းသွားတယ်။ ဖမ်းချိန်မှာလည်း ရိုက်နှက်ပြီး ဖမ်းသွားတာပါ။ နန်းတွင်း စစ်ကြောရေးမှာ နှစ်ရက်ထားတယ်။ ဓားနဲ့မွှန်းတာ ၊ ရေနွေးပူနဲ့ လောင်းတာ၊ ဝါယာကြိုးနှစ်ပတ် သုံးပတ်နဲ့ ရိုက်တာ။ အဆိုးဆုံးက LGBT အခွင့်အရေးပါ။ လိင်အင်္ဂါကို စမ်းတာ ကြုံတွေ့ခဲ့ရတယ်ဆိုတာ သူပြောပြပါတယ် “ဟု LGBT Union - Mandalay ၏ တာဝန်ရှိသူက ပြောသည်။

မစောဟန်နွေဦးသည် စက်တင်ဘာ ၆ ရက်တွင် မန္တလေးမြို့ ရှိ ၎င်း၏ နေအိမ်တိုက်ခန်း၌ ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံခဲ့ရပြီး မန္တလေး နန်းတွင်းရှိ စစ်ကောင်စီ၏ စစ်ကြောရေးတွင် ညှဥ်းပန်းနှိပ်စက် ခံခဲ့ရကာ အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။

ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံရခြင်း အကြောင်းအရင်းကိုမူ မသိရှိရသေးပေ။

၎င်းသည် အောက်တိုဘာ ၁၉ ရက်တွင် မန္တလေး အိုးဘိုအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် ခဲ့သည်။

ယခုအဖြစ်အပျက်သည် LGBT အခွင့်အရေးလုံး၀ ချိုးဖောက်ခံရခြင်း ဖြစ်သည့်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း အနေဖြင့် ကမ္ဘာသိအောင် ပြောကြား ပေးစေလိုကြောင်းနှင့် ယခုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ အတွက် စောင့်ရှောက်မှုများ ပေးစေလိုသည်ဟုလည်း LGBT Union - Mandalay က ဆိုသည်။

အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက် တွင် ရန်ကုန်၊ မန္တလေး နှင့် မြိတ်မြို့ တို့ မှ LGBT သုံးဦး အကျဉ်းထောင်မှ လွတ်မြောက်စာရင်းတွင် ပါရှိခဲ့သည်ဟု LGBT Union - Mandalay မှ သိရသည်။

LGBT များ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ဖမ်းဆီးခံ ကျောင်းသား ပြည်သူအများအပြား လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို လုံးဝ လက်မခံနိုင်ကြောင်း LGBT Union - Mandalay က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly