တရုတ်၌ COVID-19 ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာပြန်၍ လော့ဒေါင်းသစ်များ ချမှတ် 

တရုတ်၌ COVID-19 ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာပြန်၍ လော့ဒေါင်းသစ်များ ချမှတ် 

အောက်တိုဘာ ၂၇

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က ပြည်နယ် ၁၁ ပြည်နယ်၌ COVID-19 ကူးစက်ဖြစ်ပွားသူ ၁၀၀ ကျော်ထက်မနည်း စံချိန်တင်ပြီး ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာခြင်းကြောင့် လော့ဒေါင်းသစ်များ ပြန်လည်ချမှတ်လာရသည်။ 

“အောက်တိုဘာ ၁၇ ရက်စပြီး ဟိုသည်တစ်စစီ ကူးစက်မှုဖြစ်ပြီး ဒီ ကူးစက်ဖြစ်ပွားမှုတွေဟာ ပိုပြီး ကျယ်ပြန့်လာခဲ့တယ်”ဟု အမျိုးသားကျန်းမာရေးကော်မရှင် NHC မှ ပြောခွင့်ရသူ မီဖိန့်က တနင်္ဂနွေနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ “ဒီ ကူးစက်ဖြစ်ပွားမှုဟာ ပိုပြီး ပြန့်နှံ့လာမယ့် ဘေးအန္တရာယ် များတယ်”ဟု CNN သတင်းက ဖော်ပြသည်။ 

တစ်ဘီလီယံကျော် တရုတ်လူဦးရေ၏ ၇၅ ရာခိုင်နှုန်း အပြည့်အဝ ကာကွယ်ဆေး ထိုးပြီးလင့်ကစား ယခုကဲ့သို့ ကူးစက်ပြန့်နှံ့မှုများ ရုတ်တရက် ကြုံရခြင်းဖြစ်သည်ဟု မီဖိန့်က ဆိုသည်။ 

ယခုကဲ့သို့ COVID-19 ကူးစက်ပြန့်နှံ့မှုများကြောင့် ကူးစက်ဖြစ်ပွားမှုကို အမြစ်ဖြတ်ရေး တင်းကြပ်သည့် COVID-19 မူဝါဒ ချမှတ်ဖော်ဆောင်နေသည့် တရုတ်အစိုးရအတွက် စိုးရိမ်ပူပန်မှု တိုးစေသည်။ 

ကူးစက်ဖြစ်ပွားမှုအသစ်ကို အောက်တိုဘာ ၁၆ ရက်တွင် ပထမဆုံး စတင်တွေ့ရှိခြင်း ဖြစ်သည်။ ရှန်ဟိုင်းမှ အပြည့်အဝ ကာကွယ်ဆေး ထိုးပြီး လူကြီးပိုင်းများ ခရီးထွက်သည့် အုပ်စုတစ်စု၌ စတင်ကူးစက်ဖြစ်ပွားမှုကို တွေ့ရှိခြင်းဖြစ်သည်။ ၎င်းတို့က တောင်ပိုင်းဒေသ တော်တော်များများသို့ ခရီးထွက်ခဲ့ကြသည်။  

တနင်္ဂနွေနေ့အထိ ကူးစက်ဖြစ်ပွားသူ ၁၃၃ ဦးရှိရာ ၁၀၆ ဦးမှာ ထိုသို့ ခရီးသွားအုပ်စု ၁၃ နှင့် ဆက်စပ်ပတ်သက်သည်ဟု မီဖိန့်က ပြောကြောင်း CNN သတင်းက ဖော်ပြသည်။ 

နိုင်ငံပြည်နယ်များ၏ သုံးပုံတစ်ပုံနီးပါးတွင် ကူးစက်ပြန့်နှံ့မှုများ ဖြစ်ပွားခြင်းဖြစ်ပြီး အလယ်အလတ်နှင့် ဘေးမြင့်မားသော ပြည်နယ်ဒေသများမှာ အတွင်းမွန်ဂိုးလီးယား၊ ကျန်စု၊ ကွီကျို့နှင့် ပေကျင်းတို့တွင် ဖြစ်ကြသည်။ 

အဆိုပါ ဒေသများသို့ ပြည်နယ်ဖြတ်ကျော် ခရီးသွားလာခြင်းများ စီစဉ်ပေးခြင်းမှ ခရီးသွားအေဂျင်စီများကို အာဏာပိုင်များက တားမြစ်ထားသည်။ 

တနင်္ဂနွေနေ့တွင် ပေကျင်းမြို့တော်၌ မြို့တွင်းသို့ ဝင်ရောက်မှုကို တင်းကြပ်ထားပြီး ခရီးသွားများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိကြောင်း စမ်းသပ်ခံရမည် ဖြစ်သကဲ့သို့ ကျန်းမာရေး စောင့်ကြည့်မှု ၁၄ ရက် ခံယူရမည်ဖြစ်သည်ဟု CNN သတင်းက ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly