မြန်မာ စစ်အာဏာသိမ်းမှုနှင့် 'အကြမ်းဖက်မှု' အပေါ် ဂျိုးဘိုင်ဒင် ရှုတ်ချ

မြန်မာ စစ်အာဏာသိမ်းမှုနှင့် 'အကြမ်းဖက်မှု' အပေါ် ဂျိုးဘိုင်ဒင် ရှုတ်ချ

အောက်တိုဘာ ၂၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အောက်တိုဘာ ၂၆ ရက် အာဆီယံခေါင်းဆောင်များနှင့် ထိပ်သီးအစည်းအဝေးတစ်ခု၌ မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုနှင့် 'ကြောက်မက်ဖွယ် အကြမ်းဖက် နှိပ်ကွပ်မှုများ' နှင့်ပတ်သက်ပြီး ပြစ်တင်ရှုတ်ချခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။

အွန်လိုင်းကနေ ပြုလုပ်သည့် ထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောရာတွင် ဘိုင်ဒင်က မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနှင့် ကြောက်မက်ဖွယ် အကြမ်းဖက်ဖြိုခွင်းမှုများနှင့်ပတ်သက်ပြီး အင်မတန် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့သလို အကြမ်းဖက်မှုများ ချက်ချင်းရပ်ဆိုင်းရေး၊  မတရား ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရေးနှင့် မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို မူလအတိုင်း ပြန်လည်ရောက်ရှိစေရေးအတွက် အာဏာသိမ်းစစ်အုပ်စုကို တောင်းဆိုခဲ့သည်ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘရူနိုင်းနိုင်ငံက ကမကထပြု ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာအာဏာသိမ်းစစ်ကောင်စီအကြီးအကဲကို ဖိတ်ကြားခြင်း မရှိခဲ့ပေ။

သမ္မတ ဘိုင်ဒင်သည် အာဆီယံအစည်းအဝေးသို့ အဖွင့်စကား ပြောခဲ့ပြီးနောက်တွင် အိမ်ဖြူတော်၏ အဆိုပါ ထုတ်ပြန်ချက် ထွက်ရှိလာခြင်း ဖြစ်သည်။

အိမ်ဖြူတော်မှ ဗီဒီယိုလင့်ကနေတဆင့် ပြောကြားရာတွင် ဘိုင်ဒင်က အရှေ့တောင်အာရှ နိုင်ငံများအသင်းသည် "အရေးပါ ပဓာနကျ" ကြောင်းနှင့် အာဆီယံ၏ အရေးပါမှုအပေါ် အမေရိကန်ဘက်က စိတ်ပိုင်းဖြတ်နှစ်မြှုပ်ထားကြောင်း ပြောခဲ့သည်။

အာရှဒေသ၌ တရုတ်၏ သံတမန်ရေး၊ ကုန်သွယ်ရေးနှင့် စစ်ရေး တည်ရှိမှုအပေါ် တုံ့ပြန်ရင်ဆိုင်မည့် အမေရိကန်၏ မဟာဗျူဟာတစ်ရပ်တွင် အာဆီယံသည် အရေးပါသည့် နေရာတွင် ရှိနေသည်ဟု ဝါရှင်တန်က ရှုမြင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly