သမိုင်းဝင်ဆုံးဖြတ်ချက်အဖြစ် အင်ဒိုနီးရှားမှာ ခွေးသားအရောင်းအဝယ်လုပ်သူကို ထောင်ချ

သမိုင်းဝင်ဆုံးဖြတ်ချက်အဖြစ် အင်ဒိုနီးရှားမှာ ခွေးသားအရောင်းအဝယ်လုပ်သူကို ထောင်ချ

အောက်တိုဘာ ၂၁

အင်ဒိုနီးရှားနိုင်ငံမှာ ခွေးသား အရောင်းအဝယ် လုပ်သူတစ်ဦးကို တရားရုံးတစ်ရုံးက ထောင်ချအပြစ်ပေးလိုက်ပါတယ်။ ဒါဟာ သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း တိရစ္ဆာန် အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ချီးကျူးလိုက်သလို တချိန်တည်းမှာပဲ ဒီလိုမျိုး ခွေးသားရောင်းချတဲ့ “အကြင်အနာမဲ့” လုပ်ရပ်အပေါ် ပိတ်ပင်ချက် ထုတ်ဖို့ တိုက်တွန်းလျက် ရှိပါတယ်။

အောက်တိုဘာ ၁၈ ရက်မှာ ယင်းနိုင်ငံရဲ့ ယဉ်ကျေးမှုမြို့တော် ယိုဂျာကာတာအနီး တရားရုံးတစ်ရုံးက ခွေးသား အရောင်းအဝယ် လုပ်တယ်လို့ သံသယရှိသူ အမျိုးသားကို ထောင်ဒဏ် ၁၀ လ နဲ့ ဒဏ်ငွေ ရူပီးယား သန်း ၁၅၀ (ကန်ဒေါ်လာ ၁၀,၀၀၀) ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၈ နှစ်အရွယ် အဆိုပါ အမျိုးသားဟာ ၎င်းရဲ့ ပစ်ကပ်ထရပ်ကားနောက်မှာ ဂုန်နီအိတ်တွေအတွင်း ခွေး ၇၈ ကောင်ကို ထည့်ပြီး သယ်ယူပို့ဆောင်မှုအတွက် တိရစ္ဆာန် ညှင်းစဲ နှိပ်စက်မှု ဥပဒေတွေအောက်မှာ တရားစွဲဆိုခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မေလက ရဲတွေက ကားကို တားဆီးစစ်ဆေးခဲ့တာဖြစ်ပြီး ယင်းနောက်ပိုင်းမှာ ရေနဲ့ အစာ မရလို့ ခွေး ၁၀ ကောင် သေဆုံးခဲ့ပြီး ယင်းနောက် နောက်ထပ် ခွေးခြောက်ကောင် ထပ်မံသေဆုံးခဲ့တာကို စစ်ဆေးတွေ့ရှိထားခဲ့တယ်လို့ တရားရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒါက ဒီလိုမျိုး အမှုတစ်ခုအတွက် ပထမဆုံး တရားစွဲဆိုမှု ဖြစ်ပါတယ်” လို့ ကူလွန် ပရိုဂို ခရိုင်တရားရုံး ပြောရေးဆိုခွင့်ရှိသူ အက်ဒီ ဆာမေပက်တီက အောက်တိုဘာ ၂၁ ရက်မှာ အေအက်ဖ်ပီကို ပြောပါတယ်။

အဆိုပါ ခွေးတွေကို ဂျာဗားကျွန်းရှိ ဆိုလိုမြို့ဆီ ဦးတည်သယ်ဆောင်ခဲ့တာဖြစ်ပြီး ယင်းနောက် ခွေးသားအတွက် ယင်းတို့ကို ရောင်းချဖို့ လုပ်ခဲ့ဖွယ် ရှိပါတယ်။

နိုင်ငံမှာ ခွေးသား ရောင်းဝယ်မှု အဆုံးသတ်စေရေးအတွက် နှစ်များစွာကြာ ကြိုးပမ်းတိုက်တွန်းလုပ်ဆောင်နေခဲ့တဲ့ ခွေးသားကင်းစင်ရေး အင်ဒိုနီးရှား ဆိုတဲ့ အဖွဲ့က ယခု တရားရုံး ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။

“တရားမဝင်ဘူးဆိုတာကို သိလျက်နဲ့ ဒီအရောင်းအဝယ်ကို လုပ်နေတဲ့ ကုန်သည်တွေကို ဒီ တရားရုံးဆုံးဖြတ်ချက်က အားကောင်းတဲ့ မက်ဆေ့ချ်တစ်ခုကို ပေးလိုက်တာ ဖြစ်ပါတယ်” လို့ ယင်းက ထုတ်ပြန်ခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ ခွေးတွေဟာ မသန့်ရှင်းဘူးလို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံရသလို အိမ်မွေးတိရစ္ဆာန်တွေအဖြစ် မွေးတာမျိုးလည်း ရှားရှားပါးပါး ဖြစ်ပေမယ့် ခွေးသားဟာ လူအုပ်စုတချို့အကြား စား‌ကောင်းသောက်ဖွယ်တစ်ခုအဖြစ် ဆက်ရှိနေပါတယ်။

ခွေးသားကိုတော့ အခြား အာရှနိုင်ငံအချို့မှာ စားသုံးနေဆဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly