ကချင်ပြည်နယ်ရှိ အကျဉ်းထောင်များမှ NLDပါတီ အလုပ်အမှု‌ဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ် တချို့ ပြန်လည်လွတ်မြောက်လာ

ကချင်ပြည်နယ်ရှိ အကျဉ်းထောင်များမှ NLDပါတီ အလုပ်အမှု‌ဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ် တချို့ ပြန်လည်လွတ်မြောက်လာ

အောက်တိုဘာ ၂၀

ကချင်ပြည်နယ်ရှိ အကျဉ်းထောင်များဖြစ်သည့်ဗန်းမော် အကျဉ်းထောင်၊မိုးညှင်းအကျဉ်းထောင်နှင့်မြစ်ကြီးနားအကျဉ်းထောင်တို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD)၏ အလုပ်အမှု‌ဆောင်များ၊ နိုင်ငံ‌‌ရေး တက်ကြွလှုပ်ရှားသူများနှင့် လွှတ်တော်ကိုယ်စားလှယ် တချို့ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ဗန်းမော်အကျဉ်းထောင်မှ လွတ်မြောက်လာကြသူများတွင် ဗန်းမော်မြို့နယ် NLD အလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးညီညီဖေတင် ၊ ကိုဟိန်းဝင်းလတ် တို့နှင့်အတူ ခွန်သာရပ်ကွက်မှ ဖမ်းဆီးခံ ပြည်သူ့ သူရဲကောင်း လူငယ်များ ပါဝင်သည်ဟု ကချင်ပြည်နယ် NLD ပါတီ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ပုဒ်မ ၅၀၅ နှင့် တရားစွဲဆိုခြင်းခံထားရပြီး ထောင်ဒဏ်သုံးနှစ်ချ မှတ်ခံထားရသည့် ရွှေကူမြို့နယ်က NLD ပါတီ၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ကိုနေလင်းအောင်လည်း ပြန်လည် လွတ်မြောက်လာသည်ဟု စုံစမ်းသိရှိရသည်။

ကချင်ပြည်နယ် မိုးညှင်းအကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာသူများထဲတွင် NLD ပါတီအမာခံထောက်ခံသူ ဒေါ်ခင်ခင်စိန် ပါဝင်လာခဲ့သည်။ ဒေါ်ခင်ခင်စိန်သည် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး၏ ညီမဖြစ်ပြီး၊ မိုးညှင်းမြို့နယ် ကိုယ်စားပြု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ် သက်ထားနှောင်း၏ အစ်မ ဖြစ်သည်။

ဖမ်းဆီးခံထားရသည့် ဦးတင့်စိုးနှင့် ဒေါ်သက်ထားနှောင်း တို့မှာ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေး ကြောင်း ကချင်ပြည်နယ် NLD ပါတီ သတင်းနှင့်ပြန်ကြာရေးအဖွဲ့က ဆိုသည်။

ယင်းအပြင် မြစ်ကြီးနားအကျဥ်းထောင်မှ ယနေ့ အောက်တိုဘာလ ၂၀ရက်တွင် ဆော့လော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ လည်း လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

စစ်အာဏာရှင်တော်လှန်မှုကြောင့် ဖမ်းဆီးခံထားရသည့် ပြည်သူများကို အာဏာသိမ်း စစ်ကောင်စီက နိုင်ငံရေး အကြပ်အတည်းများကြောင့်

အောက်တိုဘာလ ၁၈ရက်နေ့ မှစတင်၍ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေး‌ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင်လည်း ကျန်ရှိနေသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ထပ်မံလွှတ်ပေးခဲ့‌ သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly