အာရှဆီ ဒုက္ခသည်အဖြစ် ဝင်ရောက်ဖို့ အာဖဂန်မှာ အိုင်အက်စ်တွေ စုရုံးနေလို့ ပူတင် ပြော 

အာရှဆီ ဒုက္ခသည်အဖြစ် ဝင်ရောက်ဖို့ အာဖဂန်မှာ အိုင်အက်စ်တွေ စုရုံးနေလို့ ပူတင် ပြော 
Photo - AFP

အောက်တိုဘာ ၁၆

အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့ကို သစ္စာခံတဲ့ တိုက်ခိုက်ရေးသမားတွေဟာ ဆိုဗီယက်ဟောင်း အလယ်အာရှနိုင်ငံတွေကြား ဒုက္ခသည်အဖြစ် ဟန်ဆောင်ဝင်ရောက်ပြီး သွားလာလှုပ်ရှားဖို့ အစီအစဉ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ စုရုံးနေကြတယ်လို့ ရုရှသမ္မတ ဗလာဒီမာ ပူတင်က သောကြာနေ့မှာ ပြောပါတယ်။ 

“ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးသတင်းတွေအရ အိုင်အက်စ်အဖွဲ့ဝင်တွေချည်း အာဖဂန်နစ္စတန်မြောက်ပိုင်းမှာ ၂၀၀၀ လောက်အထိ စုရုံးရောက်ရှိနေတယ်”လို့ အခြား ဆိုဗီယက်ဟောင်းနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဗီဒီယိုကွန်ဖရင့် အစည်းအဝေးမှာ ရုရှခေါင်းဆောင် ပူတင်က ပြောပါတယ်။ 

အီရတ်နဲ့ ဆီးရီးယားက အိုင်အက်စ်နဲ့ ဆက်စပ်ပတ်သက်တဲ့ တိုက်ခိုက်ရေးသမားတွေဟာ အာဖဂန်နစ္စတန်နိုင်ငံထဲ စိမ့်ဝင်နေတဲ့ ခြိမ်းခြောက်မှုကို ဒီ သီတင်းပတ်အစောပိုင်းမှာ ပူတင်က သတိပေးဖူးပါတယ်။  

မကြာသေးခင်က အာဖဂန်နစ္စတန်နိုင်ငံကို ထိန်းချုပ်နိုင်ခဲ့တဲ့ တာလီဘန်တွေဟာ ဒီ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်ဆိုပြီး ရုရှနိုင်ငံခြားရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ခဲ့ပါတယ်။ 

ရုရှက နောက်ဖေးဝင်းခြံအဖြစ် ရှုမြင်ထားတဲ့ ဆိုဗီယက်ဟောင်း အလယ်အာရှနိုင်ငံအနှံ့ ဩဇာဖြန့်ပြီး ဘာသာရေးလှုံ့ဆော်မှုတွေနဲ့ လူမျိုးစု သွေးထိုးမှုတွေ လုပ်ဆောင်ဖို့အတွက် အာဖဂန်နစ္စတန်က အိုင်အက်စ်ခေါင်းဆောင်တွေ ကြိုးပမ်းနေတယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။ 

“ဓနသဟယ ပိုင်နက်ထဲ စိမ့်ဝင်ထိုးဖောက်ဖို့ ဒီ အကြမ်းဖက်တွေက ကြိုးပမ်းနေကြတယ်၊ ဒုက္ခသည်လို ဟန်ဆောင်ပြီး ဝင်ရောက်တာတွေလည်း ရှိတယ်”လို့ အရင် ဆိုဗီယက်ဟောင်း နိုင်ငံတွေကို ရည်ညွှန်ပြီး ပူတင်က ပြောပါတယ်။ ဆိုဗီယက်ဟောင်းနိုင်ငံအချို့ဟာ အာဖဂန်နစ္စတန်နဲ့ နယ်မြေထိစပ်နေတာပဲ ဖြစ်ပါတယ်။ 

အမေရိကန်ထောက်ခံတဲ့ အစိုးရကို ဩဂုတ်လလယ်က ဖြုတ်ချခဲ့ပြီး အာဖဂန်နစ္စတန်ကို လက်ရှိ အုပ်ချုပ်နေတဲ့ တာလီဘန်တွေအနေနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု ရအောင်အပြင် လူသားချင်းစာနာထောက်ထားရေး ဘေးဒုက္ခကို ရှောင်လွှဲနိုင်ဖို့ အကူအညီတွေ ရအောင်လည်း ကြိုးပမ်းနေရပါတယ်။ 

တာလီဘန်တွေကို တရားဝင် အသိအမှတ်ပြုပေးဖို့အတွက်တော့ အလျင်လိုစရာ မလိုပေမယ့် သူတို့နဲ့ အပြန်အလှန် အကျိုးပြုဖို့တော့ လိုအပ်တယ်လို့ ပူတင်က သောကြာနေ့မှာ ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly