စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံပြိုလဲပျက်စီးလုဖြစ်နေပြီဟု KNU ပြော

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံပြိုလဲပျက်စီးလုဖြစ်နေပြီဟု KNU ပြော

အောက်တိုဘာ ၁၅

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် နိုင်ငံပြိုလဲပျက်စီးလု အနေအထားသို့ ရောက်နေပြီဟု ကရင်အမျိုးသား အစည်းအရုံး (KNU) က အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ် မြောက် ကြေညာချက်တွင် ထည့်သွင်း‌ ဖော်ပြထားသည်။

ယင်းအပြင် တိုင်းရင်းသားပြည်သူအားလုံး ဖိနှိပ်မှုပေါင်းများစွာဖြင့် လူမှုစီးပွား ဒုက္ခများစွာကို ခါးစည်းရင်ဆိုင်ခံစားနေရပြီး ဘဏ်စနစ်များလည်း လည်ပတ်နိုင်ပုံမပေါ်ကြောင်း KNU နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီး ကလက်ရှိအခြေအနေအပေါ် သုံးသပ်‌ ပြောဆိုလိုက်သည်။

COVID-19 ရောဂါကြောင့်လူအများအပြား သေဆုံးခဲ့ရသည့်အပြင် ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် နေ့စဉ် ဗုံးသံ၊ သေနတ်သံများကြားလာရခြင်းမှာ အာဏာသိမ်းမှု၏ နောက်ဆက်တွဲကြောင့်ဟုလည်း ၎င်းကပြောသည်။

“ တိုင်းပြည်က ပြိုလဲဖို့ပဲရှိတော့တယ်။ အဲဒီလိုမပြိုလဲအောင် ကျွန်တော်တို့ဝိုင်းဝန်းပြီးလုပ်ကြရမယ်။ အဲဒီလိုမှမဟုတ်ဘဲ ဆက်ပြီးတော့ တဇောက်ကန်း လျှောက်လုပ်သွားမယ်ဆို ဒီထက်ပိုဆိုးသွားမယ့် အခြေအနေပဲရှိပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

ဆက်လက်၍ KNU ၏ထုတ်ပြန်ချက်ထဲတွင် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုသည် NCA အခြေခံမူ အားလုံးအပေါ်ချိုးဖောက်မှုဖြစ်စေကြောင်း ပြောဆိုခဲ့ပြီး အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များကိုလည်း ရပ်တန့်စေကြောင်း ပြောသည်။

တပ်မတော်၏ အာဏာသိမ်းမှုသည် နိုင်ငံရေးပြဿနာကို အင်အားသုံးအဖြေရှာသည့် စနစ်ကို ပြန်လည်ရောက်ရှိ သွားစေကြောင်းလည်း KNU မှ ဝေဖန်သည်။

ထို့ကြောင့် ဆိုးဝါးနေသည့် နိုင်ငံရေးအခြေအနေမှ ကယ်တင်နိုင်ရန်ဟုဆိုကာ KNU မှ သက်ဆိုင်သူအားလုံးကို အချက် (၆) ချက်ဖြင့် တောင်းဆိုတိုက်တွန်းလိုက်သည်။

အဆိုပါအချက်များထဲတွင် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်လွှတ်ပေးရန်နှင့် နိုင်ငံတစ်ဝန်း ဖြန့်ကျက်ထားသည့် တပ်ဖွဲ့ဝင်များကို ပြန်လည်ရုတ်သိမ်းကာ တစ်နိုင်ငံလုံးအပစ်ရပ်ကြောင်း ကြေညာ‌ရန်နှင့် အဆိုပါအချက်တို့အား အကောင်အထည်ဖော်ရန် ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင် တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့်အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေး ကတိပြုမှုကို တရားဝင်ကြေညာထုတ်ပြန်ရန်နှင့် နိုင်ငံရေးတွင် ပါဝင်နေမှုမှ နုတ်ထွက်ကြောင်း ကြေညာရန်လည်း ပါဝင်သည်။

KNU ၏ အထက်ပါကြေညာချက်သည် ငြိမ်းချမ်းသည့်နည်းဖြင့် ပြဿနာကိုဖြေရှင်းရန် နိုင်ငံတကာက တောင်းဆိုနေချိန်တွင် လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးလိုက်ခြင်းဟုလည်း နိုင်ငံရေး အကဲဖြတ်တစ်ဦးဖြစ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“ဒီတောင်းဆိုချက်တွေကို ကုလရော၊ အာဆီယံကိုယ်စားလှယ်ကရော တောင်းဆိုပေမယ့် စကစ အနေနဲ့ လိုက်လျောနိုင်တဲ့ အခြေအနေမရှိပါဘူး။ ဒါကတော့ ဒီနေ့ဖြစ်နေတဲ့ ကိစ္စတွေရဲ့တရားခံဟာ စကစ ဖြစ်တယ်ဆိုတာကို ညွှန်ပြနိုင်ဖို့အတွက် လမ်းကြောင်းပေးလိုက်တဲ့ ကြေညာချက်ဖြစ်တဲ့အတွက် ကြိုဆိုကြောင်းပြောချင်ပါတယ်” ဟု ၎င်းကဆိုသည်။

စစ်အာဏာပြု အုပ်ချုပ်ရေး အဆုံးသတ်ရန်နှင့် နိုင်ငံတကာမှ စေ့စပ်ပေးမှုများကိုလက်ခံရန်အပြင် ဘက်ပေါင်းစုံမှ အဓိကကျသည့် ကိုယ်စားပြုမှုများပါဝင်သော ညီညွတ်ရေးအစိုးရတစ်ရပ်ဖွဲ့စည်းပြီး နှစ် ၇၀ ကျော်ကြာမြင့်ခဲ့သည့် ပြည်တွင်းနိုင်ငံရေး ပဋိပက္ခနှင့် ပြဿနာ အရင်းအမြစ်ကို ညှိနှိုင်းဖြေရှင်းရေး သဘောတူရန်ကိုလည်း KNU မှ ထုတ်ပြန်တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly