မစ္စတာရှောင်တာနယ်လျှောက်ထားသည့် ကိုယ်ပိုင်စကားပြန်ကို အသိမှတ်ပြု ပေးရေး ပယ်ချခံရ

မစ္စတာရှောင်တာနယ်လျှောက်ထားသည့် ကိုယ်ပိုင်စကားပြန်ကို အသိမှတ်ပြု ပေးရေး ပယ်ချခံရ

အောက်တိုဘာ ၁၄

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ပေါင်းတည်း တရားစွဲခံထားရသည့် သြစတြေးလျားနိုင်ငံသား ပါမောက္ခ မစ္စတာရှောင် တာနယ်က အမှုစစ်ဆေးရာတွင် ၎င်း၏ ကိုယ်ပိုင်စကားပြန်ကိုရုံးတော်က လက်ခံပေးရန်လျှောက်ထားတင်ပြမှုကို တရားရုံးက ယနေ့ပယ်ချလိုက်သည်။

မစ္စတာရှောင်တာနယ်၏ အောက်တိုဘာလ ၇ ရက်နေ့ရုံးချိန်းက တင်ပြချက်ကို တရားရုံးက ပယ်ချပြီးနောက် တရားရုံးကချပေးသည့် စကားပြန်ကိုသာ ထားရှိပေးမည် ဖြစ်ကြောင်း ပြန်ကြားသည်ဟု အမှုလိုက်ရှေ့နေများအပြောအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ၊ မစ္စတာရှောင်တာနယ်နှင့် ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဌာန ဝန်ကြီး ဦးစိုးဝင်း ၊ ဝန်ကြီးဟောင်းဦးကျော်ဝင်း နှင့် ဒုဝန်ကြီး ဦးဆက်အောင် တို့ကို နိုင်ငံတော်လျို့ဝှက်အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)ဖြင့်

နေပြည်တော် ဒက္ခိဏ အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုထားသောအမှု ဖြစ်သည်။

အမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့် အွန်လိုင်းစနစ်ဖြင့် စစ်ဆေးခဲ့ကြောင်းသိရသော်လည်း အသေးစိတ်မသိရပါ။

“ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းကစစ်ဆေးတယ်။ သူတစ်ယောက် တည်းပါ။ ကျန်းမာရေးကောင်းမွန်ပါတယ်။ ကျန်တဲ့လူတွေက သီးသန့်တရားရုံး မှာ ရုံးထုတ်ပြီးစစ်ဆေးတာပါ “ ဟု လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေတဦးက ဆိုသည်။

မည့်သို့သောအကြောင်းများကြာင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အမှုတွဲများကို တစ်ပေါင်းတည်း လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးခြင်းမပြုသည်ကိုလည်း မသိရှိရပေ။

အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုပေါင်း ၁၁ မှုရှိပြီး ရုံးချိန်းကို နေ့တိုင်းနီးပါးဆင့်ခေါ်သည်ကိုတွေ့ရသည်။ အသက် ၇၆ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နှစ်ပတ်တစ်ခါ ရုံးချိန်း ခေါ်ရန် လျှောက်ထားသော်လည်း ပယ်ချခြင်းခံရသည်။

ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ချုပ်နှောင်ထားခံရပြီး ရုံးချိန်းနေ့များတွင် နေပြည်တောင်အကျဉ်းထောင်သို့ပို့ဆောင်ခြင်းခံရသော ဝန်ကြီးသုံးဦးတို့နှင့် ပတ်သက်၍တော့ “ ညွှန်ကြားချက်ကို ရှေ့နေတွေက မရသေးပါဘူး။ သက်သေတွေစစ်ရင် အမှုသည်က ရှေ့နေကို အမှုကြောင်း ပြောပြရတယ်။ အမှုသည်နဲ့ရှေ့နေ အမှုနဲ့ပတ်သက်ပြီး ညွှန်ကြားချက်ရမှ ရှေ့နေ က အပြန်အလှန်မေးခွန်းမေးမြန်းလို့ရမှာ ။ လက်ရှိမှာ ညွှန်ကြားချက်မရသေးဘူး “ ဟု ရှေနေ့တစ်ဦးက ရှင်းပြသည်။

ယခုအမှု၏နောက်ရုံးချိန်းကို အောက်တိုဘာလ ၂၈ ရက်နေ့ သို့ပြန်လည် ချိန်းဆိုခဲ့သည်။

ဖေဖော်ဝါရီလအတွင်းက မစ္စတာရှောင်တာနယ်ကို ရန်ကုန်မြို့ရှိ ချက်ထရီယမ် ဟိုတယ်တွင်ဖမ်းဆီးခဲ့ကာ သူပိုင်လက်ပ်တော့ ကွန်ပြူတာနှင့် စာရွက်စာတမ်း များတွင် တွေ့ရသောအချက်အလက်များကြောင့်ဆိုကာ ဒေါ်အောင်ဆန်း စုကြည်နှင့် ဝန်ကြီးများကိုပါ လျို့ဝှက်အက်ဖြင့် အမှုတွဲဖွင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required