ဖလမ်းမြို့နှင့် ၆ မိုင်အကွာတွင် CNA, CDFတပ်များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်

By ပါခွီး
13 October 2021
ဖလမ်းမြို့နှင့် ၆ မိုင်အကွာတွင် CNA, CDFတပ်များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်
ပုံစာ - ချင်းပြည်နယ်တွင်း နေရာတစ်ခုတွင် တိုက်ပွဲဖြစ်ပွားသည့် မြင်ကွင်း။ (ပုံဟောင်း)

အောက်တိုဘာ ၁၃

ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ခြောက်မိုင်အကွာတွင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ် ( CDF) ပူးပေါင်းတပ်ဖွဲ့နှင့်စစ်ကောင်စီတပ်များ ယနေ့ (အောက်တိုဘာ ၁၃ရက်) နေ့လည်ပိုင်းတွင် စတင်ကာ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေသည်ဟု CNA၏ ပြောခွင့်ရသူတစ်ဦးထံက သိရသည်။

ဖလမ်းမှ ရိဒ်မြို့သို့သွားသည့်လမ်း လုံပီးရွာနှင့် (တိုက်ပွဲအခြေအနေစီစစ်ဆဲ)နှင့် ဟားခါးမြို့ အထွက် နီလောန်ရွာ ထိတွေ့တိုက်ပွဲဖြစ်ပွား‌နေခြင်း ဖြစ်သည်။

”သူတို့စစ်ကြောင်းစထွက်လို့ တိုက်ပွဲဖြစ်တာပါ။ ဖလမ်းလမ်းကြောင်းကနေ ရိဒ်မြို့ဘက်သွားမယ်။ အဲဒီကနေမှ ထန်တလန်ဘက်ကို လမ်းတစ်ကြောင်း၊ နောက်တစ်လမ်းက ဟာခါးကနေ ထန်တလန်ဘက်က်ို လမ်းတစ်ကြောင်း၊ အဲဒီလမ်းကြောင်းနှစ်ကြောင်းနဲ့ ကျွန်တော်တို့ ဌာနချုပ်ကို တိုက်လိမ့်မယ်လို့ထင်တယ်” ဟု CNA ပြောခွင့်ရသူ ဆလိုင်းထက်နီက မဇ္ဈိမ ကိုပြောသည်။

စစ်ကောင်စီတပ်များသည် ဟားခါး၊ ဖလမ်း နှင့် တီးတိန်မြို့များတွင် လက်နက်ကြီးများ၊ သံချပ်ကာ ကားများ အပါအဝင် အင်အားအများပြားရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

မတူပီမြို့ဘက်သို့ချီတက်ရန် မြေပြိုသည်များကိုရှင်းလင်းပြီး လမ်းဖောက်လုပ်ရန်လည်း စစ်ကောင်စီကဆောင်ရွက်နေသည်ဟု ၎င်းကဆိုသည်။

ကလေးမြို့မှ ချင်းတောင်သို့ ချီတက်ရာလမ်းတစ်လျောက် ရွာများတွင် ပစ္စည်းများလုယက်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်း၊ ပတ်ဝန်းကျင်သို့ သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများ စစ်ကောင်စီက ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required