မွေးနေ့တွင် မင်္ဂလာဧည့်ခံပွဲ ကျင်းပခဲ့သည့် ဒါရိုက်တာဝိုင်း

မွေးနေ့တွင် မင်္ဂလာဧည့်ခံပွဲ ကျင်းပခဲ့သည့် ဒါရိုက်တာဝိုင်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ။          ။ သတို့သား မောင်ထွန်းအောင်ဇော် (ခ) ဒါရိုက်တာ ဝိုင်း နှင့် သတို့သမီး ဖြစ်သူ မအိသဉ္ဇာခိုင် (ခ) အိချိုတို့၏ မင်္ဂလာ ဧည့်ခံပွဲ ကို ဒီဇင်ဘာ ၂၂ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel ၌ နံနက် ၉နာရီ မှ ၁၂နာရီ အထိ ကျင်းပခဲ့သည်။

ဒါရိုက်တာ ဝိုင်း နှင့် မအိသဉ္ဇာခိုင် တို့သည် ဒီဇင်ဘာ ၁၈ရက်တွင် တရားသူကြီး ရှေ့မှောက်တွင် လက်မှတ် ရေးထိုးခဲ့ကြပြီး မင်္ဂလာဧည့်ခံပွဲကို ဒီဇင်ဘာ ၂၂ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၂၂ရက် သည် ဒါရိုက်တာ ဝိုင်း၏ မွေးနေ့ ဖြစ်သလို မွေးနေ့တွင် ၎င်း၏ မင်္ဂလာ ဧည့်ခံပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

မင်္ဂလာ ဧည့်ခံပွဲကို နှစ်ဖက်သော မိဘများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာ.ယ.ကကြီး ဦးတင်ဦး၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဖိတ်ကြားထားသည့် အနုပညာရှင်များ၊ နှစ်ဖက် ဆွေမျိုးများ နှင့် ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

မင်္ဂလာ ဧည့်ခံပွဲတွင် အခမ်းအနားမှူး အဖြစ် ဦးမေတ္တာက ဆောင်ရွက်ခဲ့ပြီး မင်္ဂလာပန်းကြဲ အဖြစ် သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေး၊ မင်္ဂလာ အောင်စံပယ်ပန်းကုံး ကိုင်ဆောင်သူ အဖြစ် သရုပ်ဆောင် အကယ်ဒမီ ယွန်းယွန်း၊ မင်္ဂလာလက်စွပ်ဗန်းကို သရုပ်ဆောင် ရွှေရည်သုန်သုန်တို့က ကိုင်ဆောင်ပြီး သတို့သား သတို့သမီးအရံများ အနေဖြင့် သရုပ်ဆောင် ဇေယျ နှင့် ရွှေသမီးတို့က ဆောင်ရွက်ပေး ခဲ့ကြသည်။

ဒါရိုက်တာ ဝိုင်းသည် ၎င်း၏ သတို့သမီး လောင်းကို မင်္ဂလာပွဲ မတိုင်ခင် အချိန်ထိ ထုတ်ဖော် ပြသခဲ့ခြင်း မရှိဘဲ ဒီဇင်ဘာ ၂၁ရက်မှာတော့ ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် "မကြာမီ နာရီပိုင်း အတွင်းမှာ အသက်တစ်နှစ် ကြီးတော့မယ် မကြာမီ နာရီပိုင်း အတွင်းမှာ မင်္ဂလာပွဲ ကျင်းပတော့မယ် ကျွန်တော့် မွေးနေ့အတွက် ပရိသတ်များ ပျော်ရွှင်ရအောင် ကျွန်တော့် သတို့သမီးပုံနဲ့ ဒီည ဖွေးဖွေးနဲ့ ဆုံတုန်း ရိုက်ထားတဲ့ ပုံလေး တင်ပေးလိုက်ပါတယ်" ဟု ရေးသားကာ ၎င်းတို့နှစ်ဦး ၏ ဓာတ်ပုံကို ပရိသတ်များအား အသိပေးခဲ့သည်။

ဒါရိုက်တာ ဝိုင်း၏ မင်္ဂလာဧည့်ခံပွဲကို နာမည်ကြီး အနုပညာရှင်များ တက်ရောက်ခဲ့သော်လည်း တချို့ကတော့ နယ်ရိုက်ကူးရေးများ ရှိနေသည့် အတွက် တက်ရောက်နိုင်ခြင်း မရှိတာကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly