မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ထက်မနည်း ထိခိုက်သေဆုံးနိုင်ဟု ယင်းမာပင်-PDF ပြော

မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ထက်မနည်း ထိခိုက်သေဆုံးနိုင်ဟု ယင်းမာပင်-PDF ပြော

အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်းဝင်းတောင်အနီးတွင် စစ်‌ကောင်စီ ယာဉ်တန်းကို ယင်းမာပင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် ( ယင်းမာပင်-PDF) မှ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ယင်းမာပင်- PDFတပ်ဖွဲ့ဝင်တစ်ဦးမှ သတင်းပေးပို့လာသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ဘက်မှ တတ်လာသည့် ဆိုင်ကယ် အစီး ၃၀ခန့်၊ ကားအသေး သုံးစီး၊ ကားအကြီး နှစ်စီးပါ စစ်ကောင်စီ ယာဉ်တန်းကို ယနေ့( အောက်တိုဘာ ၁၁ ရက် )နံနက် ၈ နာရီကျော်ခန့်တွင် ယင်းမာပင် - PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သူတို့ဘက်က လူဦးရေ ၃၀ ထက်မနည်း ထိခိုက်၊ သေဆုံးတာတွေရှိတယ်။ အဲဒါကြောင့် မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်ဘက်မှာ တပ်စွဲထားတဲ့ ယာဉ်တန်းကနေပြီး စစ်ကူတွေလွှတ်တဲ့အနေအထားရှိပါတယ် ” ဟု ယင်းမာပင်-PDFတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရိုးရိုးမိုင်း သုံးလုံး၊ ဆက်တိုက်ကွဲသည့်မိုင်း တစ်လုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီးနောက် နံနက် ၉ နာရီကျော်အထိ နှစ်ဘက် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာဘက်သို့ စစ်ကူလာသည့်ယာဉ်တန်းကို စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်အနောက်ဘက် ကန့်ထောင့်လမ်းတွင် ပုလဲ-PDF က ထပ်မံ ကြားဖြတ်တိုက်ခဲ့ကြောင်းလည်း ယင်းမာပင်-PDF တာဝန်ရှိသူက ပြောသည်။

ပုလဲမြို့နယ်ဘက်မှ တိုက်ပွဲ အခြေအနေအသေးစိတ်ကို မသိရှိရသေးသော်လည်း ယင်းမာပင်-PDF ဘက်မှ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့‌ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်သည် ရဟတ်ယာဉ်များအသုံးပြုကာ စစ်ကူများပို့ဆောင်နေပြီး အပြစ်မဲ့အရပ်သားများကို ဦးတည်တိုက်ခိုက်လာဖွယ်ရှိကြောင်း ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

ယနေ့ မုံရွာ- ကလေးဝ- တမူး ကားလမ်းနှင့် ရွှေတောင်ကုန်း အနောက်ဘက် ဘန့်ဘွေးကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်ဘက်မှ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ယင်းမာပင်မြို့နယ်အပေါ်တွင် တိုက်လေယာဉ်တချို့ ပျံဝဲနေသည်ဟုလည်း ဒေသခံတစ်ဦးကပြောသည်။

ယင်းအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မဇ္ဈိမမှဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required