SSPP နှင့် တပ်မတော် တိုက်ပွဲမရှိသော်လည်း နှစ်ဖက်တပ်များ မဆုတ်သေး၍ ဒုက္ခသည်များ အိမ်မပြန်ရဲ

SSPP နှင့် တပ်မတော် တိုက်ပွဲမရှိသော်လည်း နှစ်ဖက်တပ်များ မဆုတ်သေး၍ ဒုက္ခသည်များ အိမ်မပြန်ရဲ

ချင်းမိုင်၊ ဒီဇင်ဘာ ၂၁ ။ ။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲ တည်ငြိမ်နေသော်လည်း ကျေးရွာအနီးတွင် အစိုးရစစ်တပ်များ အခြေစိုက်နေဆဲ ဖြစ်၍ နယ်မြေ မလုံခြုံသေးသဖြင့် စစ်ပြေးဒုက္ခသည် ၂၀၀၀ ခန့် နေရပ် မပြန်ရဲသေးကြောင်း ဒုက္ခသည်များအား ကူညီပေးနေသော မိုင်းရှူးမြို့ခံ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ်နှင့် မိုင်းနောင်မြို့နယ်အတွင်း အစိုးရနှင့် SSPP တို့ တိုက်ပွဲများ ရပ်တန့်ရေး တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် မိုင်းရှူးမြို့နယ်အတွင်းမှ ဘုန်းကြီးကျောင်းများမှ ဒုက္ခသည်စခန်း ၃ ခုမှ ရှမ်းလူမျိုး ဒုက္ခသည်များ ဒီဇင်ဘာလ တတိယပတ်အတွင်း မိမိနေရပ်သို့ ပြန်သွားကြပြီ ဖြစ်သော်လည်း ကုန်းနိမ့်နှင့် နမ့်ပါမုန်းကျေးရွာသား အိမ်ခြေ ၉၀ မှ လူဦးရေ ၄၀၀ ကျော်နှင့် ဟိုင်းပါ ဒုက္ခသည်စခန်းတွင် ၁၆၀၀ ခန့်ရှိသဖြင့် စုစုပေါင်း ဒုက္ခသည် ၂၀၀၀ ခန့် နေရပ်မပြန်ရဲဘဲ ကျန်နေသေးသည်ဟု နန်းကောင်ဟိန်းက ပြောသည်။

“မိုင်းရှူးက စခန်း ၃ ခုကတော့ ပြန်သွားပြီ။ အခုက လားဟူနဲ့ လီဆူး ၄၀၀ လောက်ကျန်တယ်။ ဟိုင်းပါက ဒုက္ခသည်တွေက ၁၆၀၀ လောက်ကျန်တယ်။ ဟိုက်ပါက ပြန်လို့ မရတာက သူတို့နဲ့ ကိုယ်ရင်တစ်ပါး ဦးဆောင်ပြီးတော့ ပြန်သွားကြည့်တာ စစ်တပ်က သူတို့ကို ပြန်မေးတယ်။ မင်းတို့ကို ဘယ်သူလာခိုင်းသလဲ။ ငါတို့ မခေါ်ဘဲနဲ့ မလာနဲ့အုန်း။ နောက်နှစ်လ လောက်နေမှ လာခွင့်ရှိမယ်။ စစ်တပ်က ပြန်မောင်းထုတ်တာ။ ဟိုင်းပါမှာဘဲ သွားနေပါအုန်းလို့ သေနပ်နဲ့ ပစ်ဖောက် ခြိမ်းခြောက် မောင်းထုတ်လိုက်တော့ သူတို့ ကြောက်ကြောက်လန့်လန့်နဲ့ ပြန်ပြေးလာတာလေ၊ တာဆမ်ပူးကြတော့ စစ်တပ်ကတော့ ခေါ်တယ်တဲ့။ ရွာထဲမှာ လာနေပါ။ ဒါပေမဲ့ ရွာသားတွေက မပြန်ရဲဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်ရှိ အစိုးရနှင့် SSPP တို့ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဖက် စောင့်ကြည့်ကြဆဲ ဖြစ်သည်ဟု သူက ပြောသည်။

ဟိုင်းပါ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအတွက် ရေရှည်နေထိုင်နိုင်ရေးတွက် နေအိမ်များ ဆောက်လုပ်ရန် အစိုးရ မဟုတ်သော အစိုးရအဖွဲ့များက စီစဉ်နေသည်ဟု သိရသည်။

ထိုစစ်ပြေးဒုက္ခသည်များအတွက် ရေရှည်အတွက် စားဝတ်နေရေးအတွက် အခက်အခဲ ရှိနေလာနိုင်သည်ဟု သူက မဇ္ဈိမကို ပြောသည်။

“ဟိုင်းပါရွာကတော့ အခက်အခဲတော့ ရဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ စစ်ရှောင်လာတာ ၃ လနီးပါးရှိပြီ။ သူတို ပြေးတဲ့အချိန်ကပြောင်း၊ ဆန်စပါးတွေ ရိတ်တဲ့အချိန်လည်း ဖြစ်တယ်။ ကျွဲနွားတွေတွေလည်း ဘယ်သူတွေ သတ်စားကုန်လဲ သူတို့လည်း မပြောရဲဘူး။ ရှိတာလည်း ကုန်ပြီဆိုတော့ တစ်နှစ်စာ ဒုက္ခတော့ ရောက်မှာ”ဟု နန်းကောင်ဟိန်းက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းရှိ ဒုက္ခသည်ပေါင်း ၁၀၀၀၀ ကျော်ရှိရာမှ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃၊ ၂၄ ရက်များနှင့် ဒီဇင်ဘာလ ၇နှင့် ၈ ရက်များတွင် ရန်ကုန်နှင့် နေပြည်တော်တွင် နှစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး မိုင်းရှူးနှင့် မိုင်းနောင်ကားလမ်း၏ တောင်ဘက်ရှိ တပ်များအား မြောက်ပိုင်းသို့ ရွှေ့ပြောင်းရန် သဘောတူညီခဲ့ကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်မှစတင်၍ SSPP နှင့် အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲများ တစ်လကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် မိုင်းရှူးနှင့် မိုင်းနောင်မြို့နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags