တရုတ်နှင့် နည်းပညာခြိမ်းခြောက်မှုများကို ပစ်မှတ်ထားသည့် မစ်ရှင်အဖွဲ့သစ်များဖြင့် CIA ကို ဖွဲ့စည်းမှု ပုံစံပြောင်း 

တရုတ်နှင့် နည်းပညာခြိမ်းခြောက်မှုများကို ပစ်မှတ်ထားသည့် မစ်ရှင်အဖွဲ့သစ်များဖြင့် CIA ကို ဖွဲ့စည်းမှု ပုံစံပြောင်း 

အောက်တိုဘာ ၈

အရေးကြီးသော အမျိုးသားလုံခြုံရေး စိန်ခေါ်မှုများကို အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ၏ ပစ်မှတ်ထားမှု၌ ပိုမို ထက်မြက်မှု ရှိစေရေး တရုတ်ကို ပစ်မှတ်ထားသည့် မစ်ရှင်အဖွဲ့သစ်နှင့် နည်းပညာဆိုင်ရာ ခြိမ်းခြောက်မှုများအတွက် မစ်ရှင်အဖွဲ့သစ် နှစ်ခုတို့ ဖွဲ့စည်းထူထောင်ခြင်း အပါအဝင် စုဖွဲ့မှု ပုံစံ အပြောင်းအလဲများကို CIA ညွှန်ကြားရေးမှူး ဝီလီယံ ဘန်းစ်က ကြေညာသည်။ 

တရုတ်ရေးရာ အထူးတာဝန်ဌာန China Mission Center သည် “၂၁ ရာစုအတွင်း မိမိတို့ ရင်ဆိုင်နေရသော အရေးကြီးဆုံးသော ပထဝီနိုင်ငံရေး ခြိမ်းခြောက်မှု ဖြစ်သည့် ပဋိပက္ခဆန်လွန်းသော တရုတ်အစိုးရနှင့် ပတ်သက်ကာ ထပ်တိုး အင်အားဖြင့် စုဖွဲ့လုပ်ကိုင်သွားမည် ဖြစ်ကြောင်း” ကြာသပတေးနေ့ ထုတ်ပြန်ချက်တစ်ရပ်၌ ဝီလီယံ ဘန်းစ်က ဆိုသည်။ 

နိုင်ငံစုံရေးရာနှင့် နည်းပညာဆိုင်ရာ အထူးတာဝန်ဌာန Transnational and Technology Mission Center သည်လည်း ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးတို့ကဲ့သို့သော ပြဿနာကိစ္စရပ်များနှင့်အတူ ပြည်ပ၏ နည်းပညာ ဖွံ့ဖြိုးမှုများကို ပစ်မှတ်ထားသွားမည်ဟု ယခု အပြောင်းအလဲ ဖော်ဆောင်မှု အသေးစိတ်အကြောင်း သတင်းစာရှင်းလင်းရာ၌ CIA က ပြောသည်။ 

အဆိုပါ မစ်ရှင်အဖွဲ့သစ်များအပြင် CIA သည် ဌာန၌ နည်းပညာဆိုင်ရာ အရာရှိချုပ် ရာထူးကိုလည်း အသစ်ထားရှိမည် ဖြစ်ပြီး အထူးကျွမ်းကျင်စွမ်းရည်ရှိသူများကို စုဖွဲ့ထားမည့် ‘Technology Fellows’ စီမံကိန်းကိုလည်း စတင်ဖောင်ဆောင်သွားမည် ဖြစ်သည်။ အဆိုပါ စီမံကိန်းက လူသစ်စုခေါ်ခြင်းနှင့် ခန့်အပ်ခြင်းတို့ကို ထိရောက်သော စနစ်ပုံစံဖြင့် ဖော်ဆောင်သွားမည် ဖြစ်သည်။ သုံးသပ်ချက် လေးရပ်အပေါ် အခြေပြုပြီး CIA ကို ဖွဲ့စည်းမှု ပုံစံ အပြောင်းအလဲများ ဖော်ဆောင်ခြင်းကို ရာထူးလက်ခံပြီး မကြာမီ၌ ဝီလီယံ ဘန်းစ်က အကောင်အထည် ဖော်လာခြင်းပဲ ဖြစ်သည်။ 

“သမိုင်းတစ်လျှောက်မှာ CIA ဟာ ကျွန်တော်တို့ရဲ့ လမ်းကြောင်းပေါ်က ဘယ်လို စိန်ခေါ်မှုမဆို ရင်ဆိုင်ဖြေရှင်းဖို့ အားထည့် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်၊ အခုလည်း မဟာအင်အားကြီးပြိုင်ဘက်ရဲ့ ခေတ်သစ်မှာ ကျွန်တော်တို့ အပြင်းထန်ဆုံး ပထဝီနိုင်ငံရေး စမ်းသပ်မှုနဲ့ ရင်ဆိုင်နေရပြီဖြစ်တယ်၊ CIA အနေနဲ့ အဲဒီအတွက် ရှေ့တန်းထွက် ရပ်တည်မှာပဲ ဖြစ်တယ်”ဟု ဝီလီယံ ဘန်းစ်က ပြောသည်။ 

“ဒီ တာဝန်အတွက် ကျွန်တော့်တို့ရဲ့ စွမ်းဆောင်နိုင်ရည်ကို သံသယ မရှိဘူး၊ မှန်ကန်တဲ့ ချည်းကပ်ပုံနဲ့ မှန်ကန်တဲ့ ဖွဲ့စည်းမှုနဲ့ဆိုရင် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဆယ်စုနှစ်များစွာ အမေရိကန်ရဲ့ ခေါင်းဆောင်မှုနဲ့ အမေရိကန်ရဲ့ အောင်မြင်မှုတွေ ဆက်လက်ကျိန်းသေ အာမခံ ရှိနေရေးကို ကျွန်တော်တို့ ကူညီထောက်ပံ့ပေးနိုင်လိမ့်မယ်ဆိုတာကို ကျွန်တော် သိရှိထားတယ်”ဟု ၎င်းက ဆိုသည်။ 

CIA ညွှန်ကြားရေးမှူး ဝီလီယံ ဘန်းစ်သည် တရုတ်နိုင်ငံက ပုခုံးချင်းတိုက် ယှဉ်ပြိုင်ဘက် မဟုတ်ဟု တစ်စိုက်မတ်မတ် ပြောဆိုလာခဲ့သူ ဖြစ်သည်။ ဖေဖော်ဝါရီလအတွင်း ၎င်းအား ရာထူးခန့်အပ်ရေး ကြားနာမှု၌ တရုတ်၏ ဘက်ပြိုင်လာမှုကို ‘အာရုံစူးစိုက် ပစ်မှတ်ထား’ မည်ဟု သံန္ဒိဌာန်ပြု ပြောဆိုသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ‘ခေတ်သစ်စစ်အေး’ ဖော်ဆောင်နေခြင်း မရှိဟု ပြောဆိုထားသော်လည်း တရုတ်၏ စစ်ရေး၊ စီးပွားရေးနှင့် နည်းပညာ ရည်မှန်းချက်များကို အမေရိကန်အနေဖြင့် ထိပ်တိုက်တေ့ဆိုင် ဖြေရှင်သွားမည်ဖြစ်ပြီး တရုတ်၏ အာဏာရှင်ဆန်သော ဩဇာလွှမ်းမိုးလိုမှုကို တန်ပြန်သွားမည်ဟု ပြောဆိုဖူးသည်။ 

တရုတ်နိုင်ငံဆီမှ အဓိကအားဖြင့် နည်းပညာတိုးတက်မှုများသည် အမေရိကန်၏ အသာစီးရမှုကို လှိုက်စားဖြိုချရန် ခြိမ်းခြောက်နေသည်ဟု ပြီးခဲ့သည့်နှစ်က အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။ အမေရိကန် ထောက်လှမ်းရေးအဖွဲ့အစည်းများအနေဖြင့် တရုတ်၏ အားပြိုင်မှုအတွက် အာရုံစိုက်ထားကာ ‘ပစ်မှတ်ဦးတည်’ ရင်းမြစ်များအား နှောင်နှေးခြင်းမရှိဘဲ ဖော်ဆောင်ရန် ယင်း အစီရင်ခံစာ၌ တိုက်တွန်းခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly