ပုလဲမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲအခြေအနေများအပေါ် သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒေသပြည်သူ့ကာကွယ်ရေးတပ်များ အငြင်းပွား

ပုလဲမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲအခြေအနေများအပေါ် သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒေသပြည်သူ့ကာကွယ်ရေးတပ်များ အငြင်းပွား

အောက်တိုဘာ ၆

ပုလဲမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲအခြေအနေများအပေါ် သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Pale People's Defense Force ( PPDF)နှင့် ပြည်သူ့တော်လှန်ရေးတပ်မတော် People Revolution Army (PRA)တို့ တို့ကြား အပြန်အလှန်အငြင်းပွားမှုများ ဖြစ်ပေါ်နေပြီး အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် အသီးသီးထုတ်ပြန်ထားကြသည်။

နဂါးမတောင်အနီး အောက်တိုဘာလ ၃ ရက် နှင့် ၄ရက် က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တိုက်ခိုက်မှုဖြစ်စဉ်နှင့် အကြမ်းဖက်စစ်ကောင်စီသေဆုံးမှုစာရင်း ထုတ်ပြန်ရာမှ တပ်ဖွဲ့နှစ်ခုကြား အငြင်းပွားမှုများ ဖြစ်လာခြင်းဖြစ်သည်။

ယင်းနေ့တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး နဂါးမတောင်အနီး ဝမ်းပြင်ရွာအရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီ၏ အမြှောက်ကား ပါလာသည့်စစ်ကြောင်း ကားတန်း တိုက်ခိုက်မှုကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်က ဗိုလ်ငွေမင်းတပ်ခွဲမှ လူအင်အား ခုနှစ်ဆယ်ခန့် ဖြင့် မိုင်း ဆယ်ခြောက်လုံးဖောက်ခွဲတိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်မှု ရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ငါးဦးခန့် သေဆုံးခဲ့ကာ ဒဏ်ရာများပြားမှုတွေရှိခဲ့ကြောင်းကို PPDF က ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး PRA ကမူ စစ်ကောင်စီဘက်မှ ၃၃ ဦးကျဆုံးခဲ့သည့် ထိုတိုက်ပွဲတွင် မိုင်းဆွဲခဲ့သူမှာ ဂျိုဝါးဖြစ်ပြီး ၎င်းသည် PRA အမှတ်စဉ် (၁) သင်တန်းတက်သွားသူဖြစ်ကြောင်း ဖော်ပြထားသည်။ မိုင်းဆွဲပြေးချိန်တွင် စစ်ကောင်စီက လိုက်လံပစ်ခတ်၍ ထွက်ပေါက်ပိတ်နေစဉ် PRA စခန်းသို့ ဖုန်းဆက်အကူအညီတောင်းသဖြင့် ဗိုလ်စောက စစ်ကောင်စီတပ်များနှင့် အပြန်အလှန် ပစ်ခတ်ပြီး စခန်းသို့ ခေါ်ဆောင်လာခဲ့သည်ဟုPRAက ဆိုသည်။

“ မုံရွာကနေ့ တတ်လာတဲ့ စစ်ကောင်စီရဲ့ ယာဉ်တန်းကို ဝမ်းပြင်ရွှာအရှေ့ဘက်မှာက မိုင်း ၁၆လုံးနဲ့ တိုက်တာ။ အဲဒါက ပုလဲပြည်သူ့ကာကွယ်ရေးတပ်က တပ်ရင်း (၁) ဗိုလ်ကျော်စွာတို့အဖွဲ့ က တပ်ခွဲဗိုလ်ငွေမင်း နဲ့အင်အား ခုနှစ်ဆယ်က မိုင်း ၁၆ လုံးနဲ့ တိုက်တာ။ ဆယ်လုံးကျော်ကွဲတယ်။ နံနက်ခင်းကဖြစ်တာ။ စစ်ကောင်စီဘက်က နှစ်ဆယ့်ငါးယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်းများကြတယ်။ နောက် အဲတိုက်ပွဲကပြင်းတယ်။ အဲယာဉ်တန်းက ရှေ့ဆက်မသွားနိုင်တော့ဘူး။ အဲတိုက်ပွဲပြီးတော့ ရွာအနောက်ဘက်ခြမ်း ဂန့်ဂေါ ဘက်က စစ်ကူလာတဲ့ကား နှစ်စီးကို ပုံတောင်ပုံညာဒေသ ကျွန်းချောင်းတံတားအနီးမှာ ကျွန်တော်တို့ဆီက တပ်ရင်းနှစ်က ဗိုလ်သူရိန်နဲ့ PRA တို့ပူးပေါင်းတိုက်တယ်။ အဲဒါက ၁၁နာရီအချိန်လောက်။ နောက် ၂နာရီလောက်မှာ ဗိုလ်မှူးတင်မြင့် နေရာမှာ ဖြစ်တယ်။ အဲဒါတွေက မပြင်းထန်ဘူး။ နေလည်ခင်းဖြစ်တဲ့ တိုက်ပွဲနှစ်ခုမှာ ပုလဲပြည်သူ့ကာကွယ်ရေးဘက်က ရဲဘော်တစ်ယောက်ကျဆုံးတယ် “ ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်(PPDF)မှ ဗိုလ်နဂါး က ဆိုသည်။

PPDF ကPRA အား နယ်မြေခံရဲဘော်များအပေါ် လုံး၀ လေးစားမှုမရှိဘဲ မဟာမိတ်ကျင့်ဝတ်စောင့်ထိန်းမှုမရှိကာ မိမိတို့ အမည်သာခံယူလို၍ ပြည်သူလူထု၏ အာရုံစူးစိုက်မှုကို ခံယူလိုသည့် အလား မဟုတ်မမှန်သတင်းများ ထုတ်ပြန်ထားသည်ဟု ပြောဆိုထားသည်။

PRAကလည်း ပြည်သူများအထင်လွဲစေရန် မိမိတို့ တပ်ဖွဲ့ဝင်များကို PPDF က မဟုတ်မမှန် စွပ်စွဲပြောဆိုထားသည်များမှာ မမှန်ကန်ကြောင်းနှင့် တိုက်ပွဲဖြစ်စဉ်နှင့် တိတိကျကျ ဖြေရှင်းပေးနိုင်သော ဒေသခံ ကာကွယ်ရေးကော်မတီတပ်ဖွဲ့ဝင်များကို ဆက်သွယ်နိုင်ကြောင်း ပြန်လည်ဖြေရှင်းထားသည်။

ပြည်သူ့တော်လှန်တပ်မတော်မှာ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ဂျပန် က “ ၃ ရက်နေ့ တိုက်ပွဲက နှစ်ကြိမ်ဖြစ်တာပါ။ မနက် ၇နာရီ နဂါးမတောင်တစ်ကြိမ်၊ ၁၁နာရီအချိန်က နတ်ထိပ်ကုန်းတောင်မှာ တစ်ကြိမ်ပါ။ နဂါးမတောင်မှာ စစ်ကောင်စီက ၃၃ဦးသေတာက မိုင်းဆွဲတဲ့ကလေးက ဒီဘက်က သင်တန်းအမှတ်စဉ် (၁) က ကလေးတွေပါ။ သူတို့မိုင်းဆွဲအပြီး နောက်က လိုက်ပစ်တဲ့အချိန်ကလည်း သူတို့ဖုန်းဆက်အကူညီတောင်းလာလို့ ဒီဘက်က ဗိုလ်စောရဲ့အဖွဲ့က ကယ်ထုတ်ပြီး ဒီဘက်ကိုရောက်လာတာပါ။ စစ်ခွေးဘယ်နှစ်ယောက်ကျတယ်ဆိုတာ သတင်းရပါတယ်။ ဗိုလ်နဂါးက အဲကလေးတွေကိုNUG တင်ပြရမယ်ဆိုပြီး သူတို့ရွာရဲ့ဥက္ကဌက ကလေးတွေရဲ့နာမည်ကိုပေးလိုက်တယ်။ သူတို့ကလေးတွေလုပ်တယ်ဆိုပြီး ရေးတင်ရခြင်းဖြစ်ပါတယ် " ဟု ဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းအချိန်တိုက်ပွဲနှင့်ပတ်သက်ပြီး ပုလဲပြည်သူ့ကာကွယ်ရေးတပ်မှာ ဗိုလ်နဂါးဆိုသူက “အရှေ့ဘက်ခြမ်းတိုက်ပွဲမှာ သူတို့ပါကိုမပါဘူး။ မိုင်းပညာသွားပြီးလေ့လာဖူးတယ် ကလေးသုံးယောက် ပါတယ်ဆိုတာလေးနဲ့ ဆွဲထုတ်ပြောတဲ့စကားပါ။ ကျွန်တော်တို့ဆီမှာကဒေသအစုံက နှစ်ရာသုံးရာလောက် သင်တန်းတတ်တယ် သူတို့တွေ တပ်ရင်းတွေပြန်သွားရင် ပုလဲပြည်သူ့ကာကွယ်ရေးကလူ လုပ်လို့မရဘူး။ ဒေသခံတွေလည်းရှိနေပါရဲ့နဲ့ သတင်းကိုအာရုံစိုက်မှုရအောင် ဒေသခံကိုဖျောက်ပြီးတင်တာမျိုး နောက်နောင် မလုပ်ဖို့ပါ “ ဟုဆိုသည်။

၎င်းတို့အဖွဲ့အသီးသီး၏ ဖြေရှင်းချက်များအောက်တွင် အများပြည်သူက စိတ်ဝမ်းမကွဲဘဲ ညီညွတ်ကြရန်၊ အချင်းချင်း ညှိနှိုင်းဖြေရှင်းကြရန်၊ ဘုံရန်သူကိုသာ ဦးတည်ကြရန် နှင့် အဖွဲ့အသီးသီးအား လေးစားချစ်ခင်ကြောင်း မှတ်ချက်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly